(၁၂) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် အက္ခရာ ၄၇ လုံး ရောင်းချမည်ဖြစ်ပြီး လာမည့်လများ၌ အက္ခရာအလုံးရေ အပြောင်းအလဲလုပ်ရန် အစီအစဉ်မရှိသေးဟု သိရ

(၁၂) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် အက္ခရာ ၄၇ လုံး ရောင်းချမည်ဖြစ်ပြီး လာမည့်လများ၌ အက္ခရာအလုံးရေ အပြောင်းအလဲလုပ်ရန် အစီအစဉ်မရှိသေးဟု သိရ
Published 4 February 2018

(၁၂) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီကို ‘က’ မှ ‘ကဎ’ အထိ အက္ခရာ ၄၇ လုံး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ကိုးကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် အက္ခရာ ၄၈ လုံး ရောင်းချပေးခဲ့ပြီးနောက် ၁၀ ကြိမ်မြောက်နှင့် ၁၁ ကြိမ်မြောက်တို့တွင် အက္ခရာ ၄၇ လုံး ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ထီဝယ်လိုအား မြင့်တက်မှုကြောင့် ထီဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အက္ခရာအလုံးရေကို ရုတ်တရက်တိုးမြှင့်ရန်မဖြစ်နိုင်ဘဲ လေးလခန့် ကြိုတင်အချိန်ယူရကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

“လတ်တလောမှာတော့ ထီအက္ခရာ အလုံးရေကိုတိုးထုတ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒီလိုမျိုးအက္ခရာအလုံးရေ တိုးဖို့ဆိုတာကလည်း လေးလလောက် ကြိုတင်ပြင်ဆင်အချိန်ယူပြီး လုပ်ဆောင်ရတာပါ။ ခုအနေအထားအရတော့ မကြာခင်မှာ ထီရောင်းအား နည်းနည်းပြန်ကျတတ်တဲ့ ကာလကိုရောက်တော့မှာဖြစ်လို့ ဒီအတိုင်းပဲ ဆက်ထုတ်သွားဖို့ ရှိနေပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

လဆန်းပိုင်းတွင်သာ ထီဈေးနှုန်းများမှာ ပိုမိုမြင့်တက်လေ့ရှိပြီး လကုန်ပိုင်းတွင် ပုံမှန်ဈေးနှုန်းသို့ ပြန်လည်ကျဆင်းသွားတတ်ကြောင်း သိရသည်။ ထို့ပြင် ဧပြီလဝန်းကျင်မှာ ထီရောင်းအား ပြန်လည်ကျဆင်းတတ်သည့် ကာလဖြစ်ကြောင်း သိရသည်။ (၁၁) ကြိမ်မြောက် ကျပ် ၅၀၀ အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းဆုကို ပြည်မြို့မှ ထီအရောင်းကိုယ်စားလှယ်တစ်ဦးက လက်ကျန်ထီမှ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

Most Read

Most Recent