FDA က ပိတ်ပင်ထားသည့် အစားအသောက်များ၊ ဆိုးဆေးများ တင်သွင်းခြင်းအား နယ်စပ်တွင်ရှိသည့် အကောက်ခွန်ဌာနက သိမ်းရမည်ဖြစ်ပြီး ဆိုးဆေးရောင်းသူများ၊ အစားအသောက် ထုတ်လုပ်သူများအနေဖြင့် ကျင့်ဝတ်ဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

FDA က ပိတ်ပင်ထားသည့် အစားအသောက်များ၊ ဆိုးဆေးများ တင်သွင်းခြင်းအား နယ်စပ်တွင်ရှိသည့် အကောက်ခွန်ဌာနက သိမ်းရမည်ဖြစ်ပြီး ဆိုးဆေးရောင်းသူများ၊ အစားအသောက် ထုတ်လုပ်သူများအနေဖြင့် ကျင့်ဝတ်ဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 4 February 2018

ဇန်နဝါရီ ၅ ရက်က ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ ဓာတုဆိုးဆေး လက်လီလက်ကား အရောင်းဆိုင်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရှောင်တခင်စစ်ဆေးနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

FDA က ပိတ်ပင်ထားသည့် အစားအသောက်များ၊ ဆိုးဆေးများ တင်သွင်းခြင်းအား နယ်စပ်တွင်ရှိသည့် အကောက်ခွန်ဌာနက သိမ်းရမည်ဖြစ်ပြီး ဆိုးဆေးရောင်းသူများ၊ အစားအသောက် ထုတ်လုပ်သူများအနေဖြင့် ကျင့်ဝတ်ဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးအောင်ကြည်ညွန့်က နိုင်ငံတော်အတွင်း အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အလွန်အမင်း ထိခိုက်စေလျက်ရှိသည့် FDA က ပိတ်ပင်ထားသော အစားအသောက်များ ဈေးကွက်တွင် တွင်ကျယ်စွာ ဆက်လက်ရောင်းချနေခြင်း၊ FDA ခွင့်ပြုချက်မပါသော နိုင်ငံခြားဘာသာသက်သက်ဖြင့်သာ ရေးသားထားသော အစားအသောက်များ၊ ဥပဒေအရ သတ်မှတ်ထားသည့် အညွှန်းအချက်အလက် မပါသည့် အစားအသောက်များနှင့် ဓာတုဗေဒဆိုးဆေးများ အလွန်အကျွံ သုံးထားသော အစားအသောက်များ ရောင်းချနေခြင်းကို မည်ကဲ့သို့ ထိန်းချုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက “ဒီဟာကို လွတ်လပ်စွာ ရောင်းလို့မရအောင်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသလို ဘယ်သူ့ကိုပဲ ရောင်းရမယ်ဆိုတာ သတ်သတ်လုပ်ရင်ရပါတယ်။ လာဝယ်တဲ့လူသည် ဆိုးဆေးလုပ်တဲ့ ဆေးဆိုးပန်းရိုက် လူတွေကိုပဲ ရောင်းရမယ် ကျန်တဲ့လူလာဝယ်ရင် မရောင်းရဘူးဆိုတာ ဥပဒေနဲ့ လုပ်လို့ရပါတယ်။ ဒီမှာ ပိုအရေးကြီးတာက နယ်စပ်မှာရှိတဲ့ Customs (အကောက်ခွန်) က ဒါကို သိမ်းရမယ်။ ဝင်လာလို့ရှိရင် ဘယ်ကို ပေးမှာလဲ။ ရောင်းတာက အစိုးရ မှတ်ပုံတင်ထားတဲ့ ဓာတုဆိုးဆေးတွေကို ရောင်းခွင့်ပေးတဲ့လူ တွေကိုပဲ သွင်းခွင့်ပေးရမယ်။ မဟုတ်ရင် Customs (အကောက်ခွန်)က ကျော်ဖြတ်တာနဲ့ ဒီဟာ ဘယ်ရောက်သွားမလဲ ကျွန်တော်တို့ မသိဘူး။ မသိရင် အကုန်လုံးဝယ်မှာပဲ။ ဆိုးဆေးရောင်းတဲ့လူတွေ၊ အစားအသောက် ထုတ်လုပ်တဲ့ လူတွေကိုတော့ ကျင့်ဝတ်နဲ့ လုပ်ဖို့လိုပါတယ်။ အမြတ်တစ်ခုတည်းမကြည့်ပါနဲ့ သူတို့သည် ဒါကိုရောင်းရင် တကယ့်တကယ် အမှန်အတိုင်းပြောရရင် လူသတ်တဲ့သဘောပဲ ဖြစ်ပါတယ်။ ဖြည်းဖြည်းချင်း လူသတ်တဲ့ သဘောဖြစ်တဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စကို ပထမဦးစားပေးအနေနဲ့ ဆက်လက်ပြီး ၂၀၁၈ မှာ အဓိကထားပြီးလုပ်မယ်ဆိုတာ ကျွန်တော်တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “ဈေးကွက်အတွင်း ထောက်လှမ်းခြင်းကို လုပ်ပြီးတော့ တွေ့တာတွေကို သိမ်းတယ်ဖျက်ဆီးတယ် လုပ်ပါတယ်။ ထပ်ပြီးတော့ ထုတ်လုပ်တဲ့နေရာအထိ သွားပါတယ်။ ထုတ်လုပ်တဲ့နေရာရောက်တဲ့အခါ နှစ်နည်းနဲ့ လုပ်ပါတယ်။ ပထမတစ်နည်းက စီမံခန့်ခွဲရေးနည်းလမ်း၊ ဒုတိယနည်းလမ်းကတော့ တရားစွဲဆိုခြင်းပေါ့။ စီမံခန့်ခွဲရေး နည်းလမ်းက ပထမဆုံးပညာပေးပါတယ်။ နောက်ပြီးတော့ ခံဝန်ကတိတွေ ထိုးခိုင်းပါတယ်။ ပြီးရင် မရရင် ရောင်းခွင့်ပိတ်ပါတယ်။ ပြီးလို့ရှိရင် တရားစွဲပါတယ်။ ဒီနည်းနှစ်ခုနဲ့ ကျွန်တော်တို့လုပ်နေပါတယ်။ ဒါကို ပြန်ကြည့်တဲ့အခါ အစားအသောက်နဲ့ ဆေးဝါးဥပဒေက ၁၉၉၇ ခုနှစ်က ထုတ်ထားတဲ့ ဥပဒေဖြစ်ပြီးတော့ ၂၀၁၃ မှာ ပြန်ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ဒါကိုကြည့်လိုက်ရင် လည်းလုံလောက်မှု မရှိပါဘူး။ ထိရောက်မှု တော်တော်နည်းတဲ့အတွက် ဒီဟာကို ပြင်ဆင်နေပါတယ်။ ရှေ့နေ ချုပ်ရုံးရောက်နေပြီထင်ပါတယ်။ ပြင်ပြီးရင်တော့ ဒီဥပဒေက နည်းနည်း ပိုပြီးတော့ ထိရောက်လာမယ်ဆိုတာကို ပြောလိုပါတယ်။ အမှန်တရားကတော့ ပင်ရင်းဇာစ်မြစ်ကို ကိုင်တွယ်မှ ဖြစ်မယ်။ ဒီမှာ ဆေးဆိုးပါတဲ့ အစားအသောက် ဒီဟာ လုပ်မယ်ဆိုရင် ပြည်တွင်းမှာရောင်းတဲ့ အစားအသောက်ရှိတယ်။ အခြားနိုင်ငံကဝင်တဲ့ အစားအသောက်ရှိပါတယ်။ အခြားနိုင်ငံကဝင်တဲ့ ဆေးဆိုးပါတာ မထည့်သင့်တာထည့်ထားတာကို လုပ်ဖို့က ကျွန်တော်တို့ တာဝန်မဟုတ်ပါဘူး။ အကောက်ခွန်ဌာန ဖြစ်ပါတယ်။ အကောက်ခွန်ဌာန အရမ်းတင်းကျပ်ပြီး ပိတ်ပင်တားဆီးလို့ရှိရင် ဒီပြဿနာရှင်းသွားမယ်။ သူတို့အကောက်ခွန်ဌာနက ပိတ်ပင်ရှင်းလင်းဖို့ အတွက်ကိုလည်း ကျွန်တော်တို့မှာ နယ်စပ်ဒေသမှာရှိတဲ့နေရာတွေ ဓာတ်ခွဲခန်းတွေကို အဆင့်မြှင့်ပြီး လုပ်ထားပြီးပါပြီ။ အဓိကကတော့ Customs (အကောက်ခွန်) ဌာနနဲ့နယ်စပ်မှာရှိတဲ့  FDA ရုံးတွေနဲ့ ပေါင်းပြီး လုပ်လို့ရှိရင် မရနိုင်စရာအကြောင်း မရှိပါဘူး။ Customs (အကောက်ခွန်) ဌာနက လွှတ်လိုက်လို့ရှိရင် ကျွန်တော်တို့ ဘာမှမတတ်နိုင်တော့ပါဘူး။ ဝန်ကြီးဌာနနှစ်ခုဟာ လုံးဝပေါင်းရမယ်။ ပေါင်းခြင်းဆိုတာ တော်တော်ကို အရေးကြီးပါတယ်။ တစ်ပြည်လုံး ဒုက္ခရောက်ပါမယ်။ လမ်းပေါ်က လျှောက်တဲ့လူကနေ နိုင်ငံတော်သမ္မတအထိကို အကုန်လုံး၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအပါအဝင် အကုန်လုံးက စားနေတာ။ နောက်တစ်ချက်က ဇာစ်မြစ်ကို လုပ်မယ်ဆို ကျောင်းမှာရှိတဲ့ ဆရာ ဆရာမတွေက ကျောင်းသားတွေကို ပြောရမယ်။ ပိုပြီး ထိရောက်ဖို့လိုတယ်။ ကျွန်တော်တို့ဘက်က ကျောင်းကျန်းမာရေးအဖွဲ့ ၈၀ ကျော်ရှိပါတယ်။ ကျောင်းသားတွေစားသမျှ ကာလပတ်လုံး သူတို့က ရောင်းမှာပဲ။ အဓိကက ကျောင်းသားတွေမှာ ကျန်းမာရေးအသိပညာရဖို့  ယခုထက်ပိုလုပ်ရမယ်။ ဒီကလေးတွေဟာ အသည်းကင်ဆာဖြစ်မယ်။ ကျောက်ကပ် အသံဦးနှောက် အစာအိမ်လမ်းကြောင်း တစ်လျှောက်မှာ ရောဂါတွေရတယ်။ ဖြစ်လာမှ ဘာမှ လုပ်လို့မရဘူး။ မဖြစ်ခင်ကတည်းက လုပ်ဖို့လိုတယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်းတွင် အစားအသောက်များနှင့်ပတ်သက်၍ ကျောင်းများထံမှ နမူနာပေါင်း  ၁၁၃၄၀ ရှိပြီး ၁၀၈၄ ခုမှာ စားသုံးရန်မသင့်ဘူးဟု တွေ့ရကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အစားအသောက်နမူနာ ၂၂၇၈ ခု စစ်ဆေးရာတွင် စားသုံးရန်မသင့်သည့် အမျိုးအစား ၂၅ မျိုးမှာတွေ့ရကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ နိုင်ငံခြားဘာသာသတ်သတ်ဖြင့် ရေးသားထားသော အစားအသောက်နှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြရန်အတွက် ဥပဒေမရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “ပြည်ထဲရေးက ပံ့ပိုးရမယ်။ ကျွန်တော်တို့က တရားစွဲတယ်။ တရားစွဲတာ အမှုက ၁၀ လလောက်ကြာနေတယ် ဘာမှမဖြစ်ဘူး။ ဒီလိုကိစ္စမျိုးမှာ တရားစွဲပြီး အမှုချမယ်ဆိုရင် တစ်လအတွင်း တရားသူကြီးက အမိန့်ချမှတ်ရမယ်။ ဒါမှသူက မဟုတ်ရင် လွှတ်တော်ကိုယ်စားလှယ်တွေလည်း အကုန်လုံးသိပါတယ် တရားရေးကိစ္စမှာ ခုနစ်လ ရှစ်လ တစ်နှစ်မပြီးဘူး။ ဒီကြားထဲမှာ အများကြီး ဖြစ်နေတာလည်း အကုန်သိပါတယ်။ အဲဒီလို သွားလို့ကတော့ မရပါဘူး။ ကျွန်တော်တို့နိုင်ငံ  ဒုံရင်းဒုံရင်းပဲ ဖြစ်မယ်။ အဲဒါကို ပြတ်ပြတ်သားသားလုပ်ဖို့လိုမယ်။ နောက်တစ်ချက်က ပညာပေးတွေလုပ်ဖို့ အကြီးအကျယ်လုပ်နေပါတယ်။ စက်တင်ဘာ ၂၃ရက်မှာ...နိုင်ငံတော် အတိုင်ပင်ခံလည်း သဝဏ်လွှာပို့ပါတယ်။ ကျန်းမာရေးမှူးတွေ၊ ပြည်သူ့ကျန်းမာရေးလုပ်သား (၁)၊ (၂)၊ သားဖွားဆရာမတွေ အကုန်လုံးကိုင်ပြီးတော့ အိမ်တိုင်ရာရောက်သွားပြီး ပညာပေးမယ်။ အစားအသောက်၊ တိုင်းရင်းဆေး၊ အားကစား၊ ဒုတိယတွဲ။ ဘယ်အစားက အန္တရာယ်ရှိတယ်ဆိုတာ အကုန်ပါတယ်။ သူတို့ သယ်ဖို့မဖြစ်နိုင်တဲ့အတွက် တက်ဘလက်တွေကို အခု ၃၀၀၀ ဝယ်မယ်။ နောက်လာမယ့် ခြောက်လအတွင်းကို တစ်သောင်းနဲ့ ငါးထောင်ဝယ်မယ်။ သူတို့ကို တက်ဘလက်နဲ့ပဲ ပေးတော့မယ်။ သူတို့က ဒါလေးတွေကိုင်သွားမယ်။ အကုန်လုံးနှိပ်လိုက်ရင်ပေါ်မယ်။  ဒီတက်ဘလက်ပေးခြင်းအားဖြင့် ထပ်ပြီးတော့ ပညာပေးတာတွေကို အီလက်ထရောနစ် နည်းပညာထပ်ထည့်လို့ရတယ်။ APP တွေ ထည့်မယ်။ ဒီလိုလုပ်မှသာ ကျွန်တော်တို့နိုင်ငံ ကျန်းမာရေးတိုးတက်မယ်။ ကျန်းမာရေးတိုးတက်ဖို့ဆိုတာ ကျန်းမာရေး အသိပညာကောင်းမှ ဖြစ်မယ်။ ရောင်းတဲ့လူတွေကိုလည်း ပညာပေးရမယ်။ ရောင်းတဲ့လူကို ပညာပေးမယ်ဆိုတာ ကျင့်ဝတ်ပေါ့။ ခင်ဗျားတို့ အမြတ်တစ်ခုတည်းကိုပဲ မကြည့်ပါနဲ့။ ခင်ဗျားတို့ ဒီဟာကိုရောင်းခြင်းအားဖြင့် ခင်ဗျားကလေးတွေကလည်း အခြားကျောင်းတွေမှာ ရှိနေမှာပဲ။ စားမှာပဲ။ ရေရှည်မှာ ဒုက္ခရောက်မယ် ဒီဟာတွေကို လုပ်ရမယ်။ အဓိကတော့ ပညာပေးလုပ်ငန်းတွေလုပ်ရမယ်။ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ငွေကြေးအသက်သာဆုံးကတော့ ကျန်းမာရေးပညာ လုံးဝမြှင့်ရမယ်။ ဒါအရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ ဒါကိုလုပ်နေပါတယ်။ အခု မလုပ်ရင် ရေတိုမှာ ဒုက္ခရောက်မယ် ဝမ်းလျှောမယ် ဘာညာဖြစ်မယ်။ ရေရှည်မှာတော့ အသည်းကင်ဆာ ကျောက်ကပ် အကုန်လုံးသွားမှာပါ။ လုပ်တဲ့အခါ FDA တစ်ခုတည်း လုပ်လို့မရဘူး။ ကျောင်းကျန်းမာရေးတင် လုပ်လို့မရဘူး။ မြန်မာနိုင်ငံ စားသုံးသူများအသင်းကလည်း လုပ်ရမယ်။ နောက်တစ်ခါ ပြည်တွင်းမှာရှိတဲ့ NGO တွေ အများကြီးရှိပါတယ်။ ပူးပေါင်းလုပ်မှရမယ်။ ကျောင်းသားမိဘဆရာ အသင်းတွေပါရမယ်” ဟု ပြောကြားသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “ဝန်ကြီးရဲ့ဖြေကြားချက်အရဆိုရင် အမျိုးသားကျန်းမာရေးနဲ့ သက်ဆိုင်တယ်။ သက်ဆိုင်တော့ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အနေအထား ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်များနဲ့လည်း သက်ဆိုင်တယ်။ ဘာလို့လဲဆိုတော့ ကျောင်းတွေလည်း လိုတယ်။ ဆရာ၊ ဆရာမတွေ၊ မိဘတွေကို ပညာပေးမယ်ဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်လည်း ဖြစ်တယ်။ ကိုယ့်မဲဆန္ဒနယ်မှာ ပြန်တဲ့အချိန်မှာ ကိုယ့်မိဘတွေ၊ ကျောင်းဆရာ၊ ဆရာမတွေကို စည်းရုံးနိုင်ဖို့ လိုအပ်သွားတဲ့ အနေအထားမျိုးဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ မှတ်သားပေးပါ။ ဝန်ကြီးဖြေသွားတာ တော်တော်ကောင်းပါတယ်။ အမျိုးသား ကျန်းမာရေးနဲ့ပတ်သက်လို့။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း မိမိမဲဆန္ဒနယ်ပြန်ရောက်သွားရင် ဝန်ကြီးပြောသွားသလို ပညာပေးနိုင်ဖို့ဆောင်ရွက်ပေးပါ။ ဝန်ကြီးကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ဝန်ကြီးတို့ရဲ့ ဆောင်ရွက်တာတွေကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်အားလုံး တိတိကျကျလေး သိနိုင်အောင်ပေါ့။ ဘယ်လို လုပ်သင့်တယ်။ ဘယ်လိုလုပ်ဆိုတာလေးကို ဟောပြောပွဲလေးတစ်ခုလောက် လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

Most Read

Most Recent