မာန်အောင်ကျွန်း ပင်လယ်ကမ်းခြေတွင် အလျား ၄၃ ပေခန့်ရှိသော ပုပ်ပွနေသည့် ဝေလငါးသေတစ်ကောင် သောင်တင်

မာန်အောင်ကျွန်း ပင်လယ်ကမ်းခြေတွင် အလျား ၄၃ ပေခန့်ရှိသော ပုပ်ပွနေသည့် ဝေလငါးသေတစ်ကောင် သောင်တင်
Published 4 February 2018

အလျား ၄၃ ပေခန့်ရှိ ဝေလငါးသေတစ်ကောင်းကို တွေ့ရစဉ် (ဓာတ်ပုံ- မာန်အောင် သတင်းမီဒီယာကွန်ရက်)

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နှင့်မိုင်ပေါင်း ၂၇ မိုင်ခန့်ဝေးသည့် ပင်လယ်ကမ်းခြေတွင် အလျား ၄၃ ပေခန့်ရှိသော ပုပ်ပွနေသည့် ဝေလာငါးသေတစ်ကောင်အား ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ငါးသည် အလျား ၄၃ ပေခန့်၊ လုံးပတ် ၂၅ ပေခန့်၊ မေးရိုး ၁၀ ပေရှည်လျားပြီး ဦးခေါင်း၊ ရေယက်တောင်ပံနှင့် ခန္ဓာကိုယ်တို့မှာ ပျက်စီးနေပြီဖြစ်ကြောင်းနှင့် ယင်းငါး၏အရိုးများကို ပြန်လည်ထိန်းသိမ်းနိုင်ရန် ပြင်ဆင်ထားရှိကြောင်း မာန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးကြည်ဝင်းက “မာန်အောင်က ပင်လယ်ထဲက ကျွန်းဆိုတော့ ငါးတွေတစ်ခုခု အန္တရာယ်နဲ့ကြုံရရင် ကမ်းကိုကပ်တာပေါ့။ အဓိကတော့ ဒီဝေလငါးတွေဟာ သံလိုက်စက်ကွင်းနဲ့ သွားလာနေတဲ့ငါးတွေဆိုတော့ သံလိုက်စက်ကွင်းပျက်ပြီး သေတာလည်း ဖြစ်နိုင်တယ်။ လူတွေရဲ့ ပယောဂတွေကြောင့် သေတာလည်းဖြစ်နိုင်တယ်ပေါ့။ ဘာကြောင့် သေတယ်ဆိုတာ အသေးစိတ်ပြောဖို့ခက်ပါတယ်။ အခုဒီငါးကို မြေမြှုပ်ပြီးတော့ အရိုးတွေကို ပြန်လည်သိမ်းဆည်းဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း မာန်အောင်ကျွန်း ပတ်ဝန်းကျင်ဒေသသည် ပင်လယ်ရေနက်ကြောအနီးတွင် ကျရောက်သည့်အတွက် ယင်းကျွန်းတွင် ဝေငါးကဲ့သို့သော ငါးကြီးများ သေဆုံးသောင်တင်မှုအား မကြာခဏတွေ့ရှိရပြီး ဇန်နဝါရီ ၁၁ ရက်က မာန်အောင်မြို့နယ်၊ အိုးဝအုပ်စု၊ ကံလက်ကျေးရွာကမ်းခြေတွင် အလျား ၂၀ ပေ၊ လုံးပတ် ၁၅ ပေ၊ မေးရိုး ၅ ပေ ၅ လက်မရှိသော ဝေလငါးတစ်ကောင် ပုပ်ပွသေဆုံးနေသည်ကို တွေရှိရပြီး အရိုးများကို ပြန်လည်ရယူရန် ဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်ကလည်း မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာ ပင်လယ်ကမ်းစပ်တွင် အလျား ၂၂ ပေ ၃ လက်မ၊ လုံးပတ် ၈ ပေ ၂ လက်မ၊ ဘေး ယပ် ၃ ပေ၊ အမြီး ၃ ပေ ၄ လက်မ၊ ဦးခေါင်း ၅ ပေနှင့် အလေးချိန်နှစ်တန်ရှိသည့် ဝေလငါးကြီးအရှင်တစ်ကောင် သောင်တင်ခဲ့သည့်အတွက် ရေချကာ ပြန်လည်လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း မာန်အောင်မြို့နယ်နှင့် ဂွမြို့နယ်များသည် ထိုကဲ့သို့ငါးကြီးများ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းတွင်ရှိသည့်အတွက် မကြာခဏတွေရှိရခြင်းဖြစ်ကာ ရေလက်ကြားမှတစ်ဆင့် ချိုင့်ဝှမ်းရှိရာနေရာများသို့ ဝင်လာတတ်ကြောင်း လေ့လာသူများက ပြောဆိုကြသည်။

Most Read

Most Recent