ဇွန် ၂၉ ရက်မှ ဇန်နဝါရီလကုန်အထိ ထိုင်းမှ မြန်မာနိုင်ငံသို့ နေရပ်ပြန်လာသူ ၅၆၃၆၈ ဦးရှိပြီး အများစုမှာ အထောက်အထား လုံးဝမရှိသူများဖြစ်ကြောင်း သိရ

ဇွန် ၂၉ ရက်မှ ဇန်နဝါရီလကုန်အထိ ထိုင်းမှ မြန်မာနိုင်ငံသို့ နေရပ်ပြန်လာသူ ၅၆၃၆၈ ဦးရှိပြီး အများစုမှာ အထောက်အထား လုံးဝမရှိသူများဖြစ်ကြောင်း သိရ
Published 3 February 2018

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ပြီး အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသို့ပြန်လာသူ မြန်မာရွှေ့ပြောင်း လုပ်သားများအား နယ်စပ်မြဝတီမြို့ ကျောက်လုံးကြီး ကြိုဆိုရေးစခန်းသို့ ဖေဖော်ဝါရီ ၁ ရက်က ပြန်လည် ရောက်ရှိလာစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

ထိုင်းနိုင်ငံအတွင်း အလုပ်ရှင် အလုပ်သမား ဥပဒေသစ်ကြောင့် ဖမ်းဆီးခံရသူနှင့် ဖမ်းဆီးခံရမည်ကိုစိုးရိမ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာနေဆဲဖြစ်ကာ ဇွန် ၂၉ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ နေရပ်ပြန်လာသူ မြန်မာလုပ်သား ၅၆၃၆၈ ဦးရှိပြီဖြစ်ပြီး နေရပ်ပြန်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာ အထောက်အထား လုံးဝမရှိသူများနှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ အများအပြား ပါဝင်ကြောင်း နေရပ်ပြန်လာသူများထံမှ သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ ဖေဖော် ဝါရီ ၁ ရက် ည ၆ နာရီခန့်က မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၁၄ ဦး ပြန်လည် ရောက်ရှိခဲ့သည်။ ထိုမြန်မာနိုင်ငံသားများတွင် ပွဲစား၏ လိမ်လည်ခေါ်ဆောင်မှုကြောင့် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး အချုပ်ကျကာ ပြန်လွတ်မြောက်လာသူ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်မှ အမျိုးသား အမျိုးသမီး ၁၆ ဦးလည်း ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေပြီး အထောက်အထား မရှိသူများသည် ဖမ်းဆီးရေးကာလ ကုန်ဆုံးသည့် ဒီဇင်ဘာ ၃၁ ရက်မှစ၍ လုပ်ငန်းခွင်တွင် လုပ်ကိုင်ကာ မနေရဲကြတော့ဘဲ အလုံးအရင်းဖြင့် ပြန်လာနေကြခြင်း ဖြစ်သလို မလေးရှားနိုင်ငံမှ ပြန်လာသူများမှာ အန္တရာယ်ကို စိုးရိမ်မှုကြောင့် ပြန်လာခဲ့ကြသည်ဟု ဆိုသည်။

အထောက်အထားပြုလုပ်ဆဲ အလုပ်သမားများအတွက် သွားလာခွင့်ကို ထိုင်းအစိုးရက ရက် ၉၀ ထပ်မံ တိုးပေးခဲ့သော်လည်း အထောက်အထား လုံးဝမရှိသူများ၊ ပြုလုပ်ထားခြင်း မရှိသူများမှာ ဖမ်းဆီးခံရတော့မည် ဆိုသော အသိနှင့် ပြန်လာနေကြခြင်း၊ အချို့မှာ ပြန်လာပြီး မိမိနိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်း မရရှိပါက MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်လုပ်မည်ဟု ဆိုသည်။

မလေးရှားမှ ပြန်လာသူတစ်ဦးက “ကိုယ်နေတဲ့ဈေးမှာ အဖမ်းအဆီး အနည်းငယ်သာရှိတယ် ဆိုပေမယ့် တခြားဘက်မှာ ရခိုင်အရေး ဖြစ်ပြီးနောက် သတ်တာ၊ ဖြတ်တာရှိလာတော့ စိုးရိမ်မှု မြင့်တက်ခဲ့ပါတယ်။ ပြီးတော့ မိဘနှစ်ပါး နေမကောင်းလို့လည်း ပြန်လာခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုအခါ မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်ပြီး အကြောင်းကြောင်းကြောင့် နေရပ် မြန်မာနိုင်ငံသို့ ပြန်လာသူ မြန်မာရွှေ့ ပြောင်းလုပ်သား များပြားလာပြီး ပွဲစားအား တစ်ဦးလျှင် မလေးငွေ ရင်းဂစ် ၁၃၀၀ ပေး၍ ပြန်လာရကြောင်း ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ ပြန်လည် ရောက်ရှိလာသူများက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနက် အထောက်အထား မရှိသူများမှာ အလုပ်ရှင် အလုပ်သမား ဥပဒေသစ် ထုတ်ပြန်ပြီးနောက် မဲဆောက်-မြဝတီလမ်းမှတစ်ဆင့် နေရပ် မြန်မာနိုင်ငံသို့ဇွန် ၂၉ ရက်မှစတင်ကာ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။

အထောက်အထား မရှိသူများ နေရပ်ပြန်လာရေးအတွက် ထိုင်းနိုင်ငံဘက်မှ တရားဝင် ပြန်ပို့ပေးနေဆဲဖြစ်သလို မြန်မာနိုင်ငံဘက်မှလည်း ကြိုဆိုလက်ခံကာ ထမင်း၊ ရေသန့်ဘူးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent