နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် The Asia Foundation မှ ဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး ပညာရေးကဏ္ဍနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် The Asia Foundation မှ ဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး ပညာရေးကဏ္ဍနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေး
Published 3 February 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် The Asia Foundation မှ ဥက္ကဋ္ဌနှင့်အဖွဲ့အား တွေ့ရစဉ် (Photo: MOFA)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် The Asia Foundation မှ ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီး ပညာရေးကဏ္ဍနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် The Asia Foundation ရုံးချုပ်မှ ဥက္ကဋ္ဌ Mr. David D. Arnold ဦးဆောင်သော ၃၂ ဦးပါ အဆင့်မြင့်အလုပ်အမှုဆောင်အဖွဲ့အား ဖေဖော်ဝါရီ ၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဉ် The Asia Foundation အနေဖြင့် စွမ်းရည်မြှင့်တင်မှုကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ပံ့ပိုးပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ချက်တို့နှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်သူ၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် The Asia Foundation အဖွဲ့၏ဘုတ်အဖွဲ့ဝင်များ၊ အမှုဆောင်များ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးနိုင်မှု၊ နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အပိုင်းသုံးပိုင်းဖြစ်သည့် မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲဆန္ဒရှင်များအား အသိပညာပေးခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စီမံခန့်ခွဲခြင်းတို့ဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် ရွေးကောက်ပွဲစနစ်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် တွေ့ကြုံလာနိုင်မည့် စိန်ခေါ်မှုများ၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းစဉ်များ၌ သတင်းအချက်အလက် နည်းပညာ အသုံးပြု၍ ကူညီဆောင်ရွက်ပေးနိုင်မှု၊ နောင်ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲများတွင် ဆက်လက်ပံ့ပိုး ကူညီပေးနိုင်မည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။