လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဇနီးအား ဓာတ်ဆီလောင်း မီးရှို့သည့် ခင်ပွန်းဖြစ်သူကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂၀ အမိန့်ချ

လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဇနီးအား ဓာတ်ဆီလောင်း မီးရှို့သည့် ခင်ပွန်းဖြစ်သူကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂၀ အမိန့်ချ
Published 3 February 2018

လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူအား ဓာတ်ဆီလောင်းမီးရှိုှု့သည့် ခင်ပွန်း ဖေဖော်ဝါရီ ၂ ရက်က အရှေ့ပိုင်းခရိုင် တရားရုံး၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အမိန့်ချမှတ်ရာတွင် ကျူးလွန်သူ ချစ်စံ (၄၃ နှစ်) အား အမှုစစ်ဆေး ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၂)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ်၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ် ၉ ရက်တွင် အမှုမှ တရားလိုဖြစ်သူသည် နေအိမ်၌ ရှိနေစဉ် ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် နေထိုင်သည့် ညီမအရင်း တော်စပ်သူ မ......နှင့် ခင်ပွန်းဖြစ်သူ ချစ်စံတို့ နေအိမ်တွင် စကားများ ရန်ဖြစ်ကြရာမှ ချစ်စံက အရက်မူးပြီး မ......၏ ခန္ဓာကိုယ်ပေါ်သို့ ဓာတ်ဆီလောင်းချ၍ မီးရှို့ခဲ့သဖြင့် မီးလောင်ဒဏ်ရာများ ရရှိထားကြောင်း ကြားသိရသဖြင့် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့သို့ သွားရောက်ကြည့်ရှုရာ ဓာတ်ဆီလောင်းမီးရှို့ခံသူ မ.....၏ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ကျောပြင်၊ လက်မောင်း၊ လက်ဖျံတို့တွင် မီးလောင်ဒဏ်ရာများနှင့် တွေ့ရှိရ၍ မေးမြန်းရာ ချစ်စံက အရက်မူးပြီး ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း ပြောပြသိရသဖြင့် ချစ်စံအား အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ကြောင်း၊ မီးလောင်ဒဏ်ရာများ ရရှိသည့် မ.......မှာ ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှ ကျူးလွန်သူ ချစ်စံ (၄၃ နှစ်) အား ဒေါပုံမြို့မရဲစခန်းက (ပ)၃၉၈/၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ မှ ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအမှုဖွင့် စစ်ဆေးခဲ့ပြီး အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုစစ်ဆေးခဲ့ပြီး ယခုလို အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent