ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသတွင် တိုက်ပွဲများကြောင့် လူ ၂၀၀၀ နီးပါး ရိက္ခာပြတ်ပြီး ပိတ်မိနေ

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသတွင် တိုက်ပွဲများကြောင့် လူ ၂၀၀၀ နီးပါး ရိက္ခာပြတ်ပြီး ပိတ်မိနေ
Published 3 February 2018

တနိုင်းဟူးကောင်းဒေသ ပယင်းမှော်မှ ထွက်ခွာလာကြသူများအား ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသတွင် တိုက်ပွဲများကြောင့် လူ ၂၀၀၀ နီးပါး ရိက္ခာပြတ်ပြီး ပိတ်မိနေကြောင်း ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားသည်။

လက်ရှိတွင် တနိုင်းမြို့မှ မိုင် ၃၀ ဝန်း ကျင်ရှိ နန့်ကွမ်းကျေးရွာ ဝန်းကျင်တွင် ပိတ်မိနေခြင်းဖြစ်ပြီး ရိက္ခာပြတ်လပ်မှု၊ ရေမသန့်ရှင်းမှုကြောင့် ဝမ်းလျှောမှုများ ဖြစ်နေပြီး ရက်ကြာပါက အခက်အခဲများ ပိုမိုဖြစ်ပေါ်နိုင်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း စိစစ်တားမြစ်မှုများကို လျှော့ချကာ ဆောလျင်စွာ ထွက်ခွာခွင့် ပေးသင့်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားသည်။

၎င်းက “ပိတ်မိနေတာက မိုင် ၃၀ လောက်ပဲ။ ဒါပေမဲ့ စက်လှေစီးမယ့်နေရာကို သုံးနာရီနီးပါး လမ်းလျှောက်ရတယ်။ အခုဒီကပို့တဲ့ ရိက္ခာကလည်း လိုတဲ့နေရာ မရောက်နိုင်သေးဘူး။ ဟိုမှာ ရေမသန့်တော့ သွေးဝမ်းကျတာ ၁၈ ဦးလောက်ဖြစ်နေတယ်။ အခု တနိုင်းကို ရောက်တာ ၆၀၀ တစ်ဖွဲ့၊ ၄၀၀ တစ်ဖွဲ့၊ မနေ့ က ၂၉၀ ကျော် တနိုင်းရောက်လာတယ်။ ဖေဖော်ဝါရီ ၁ ရက်စာရင်းအရဆိုရင် ၁၉၀၀ ကျော် ကျန်နေသေးတယ်။ ဒီနေ့ ဘယ်လောက်လွှတ်သလဲ မသိရသေးဘူး။ ဒီလိုရက်ရှည် မဖြစ်သင့်တော့ဘူး။ တပ်မတော်ဘက်က အမြန်ဆုံး ပြန်ထွက်ခွင့်ပေးသင့်တယ်။ ရက်ကြာရင် မလွယ်ဘူး။ အစိုးရအဖွဲ့ကတော့ လူမှုရေးဝန်ကြီး ဦးဆောင်ပြီး ဒီတနိုင်းက လွှတ်လိုက်တဲ့လူတွေကို စားစရာ၊ ရထားစသဖြင့် ကူညီနေတယ်” ဟု ပြောကြားသည်။

မိုးကောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း အနေဖြင့်လည်း ဇန်နဝါရီ ၃၁ ရက်အထိ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ပြန်သွားသည့် တနိုင်းဒေသမှ ရွှေ့ပြောင်းလုပ်သား ၁၀၀ ခန့်ကို မီးရထားလမ်းကြောင့် အိမ်ပြန်ပို့ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ဦးဆောင်ကာ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။

ဖေဖော်ဝါရီ ၁ ရက် နောက်ဆုံးသတင်းများအရ ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ကေအိုင်အေတပ် မဟာ (၂) လက်အောက်ခံရင်း (၁၄) နေရာတွင် ပစ်ခတ်မှုများ ပြင်းထန်နေပြီး သုံးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိသည်ဟု ကယ်ဆယ်ရေး အဖွဲ့များက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် တနိုင်း-လီဒို လမ်းကြောပေါ်တွင် တစ်နေ့လုံးနီးပါး ပစ်ခတ်မှုများကြောင့် ဖားကန့်လမ်းပိုင်းနှင့် တနိုင်းလမ်းပိုင်းရှိ အတက်အဆင်း ကားများအားလုံး ရပ်နားထားရကြောင်း သိရသည်။

ကေအိုင်အေ ပြောဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ လက်နက်ကြီး၊ လေယာဉ်နဲ့ပစ်တာ လက်နက်ကြီးတွေက ခေါင်းမူးတာ။ အန်တာ ဆိုတာတွေ ဖြစ်ကြလို့သိရတယ်။ ရိုးရိုးလက်နက် မဟုတ်ဘူးပေါ့။ အခုလို ထိုးစစ်လုပ်လာတဲ့ အပေါ်မှာတော့ ခုခံတိုက်ပွဲကတော့ ရှိတဲ့အင်အားနဲ့ လုပ်သွားမှာပါ။ ထွက်ပြေးတဲ့ လူတွေကိုလည်း တတ်နိုင်သလောက် ကူညီနေပါတယ်။ ဆွမ်ပရာဘွမ်ဘက်မှာ လမ်းအလုပ်သမားတွေ ဖမ်းဆီးသွားတယ် ဆိုတာတော့ မဟုတ်လောက်ဘူး။ တချို့လုပ်ငန်းတွေမှာ အသုံးပြုဖို့ ခေါ်သွားတာ ဖြစ်မှာပါ။ လမ်းတွေကို ဖျက်ဖို့အတွက် ဘက်ဟိုးတို့ဘာတို့သုံးဖို့ ခေါ်သွားတာ ဖြစ်မှာပါ” ဟု ပြောကြားသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတကို ကာကွယ်ဖို့ တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကာကွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန် ၅ ရက်တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ဖြန့်ဝေခဲ့သည့် သတိပေးစာတွင် တနိုင်းမြို့နယ် အတွင်းရှိ ထန်းပလားမှော်၊ ဝမ်းပလားမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်၊ နန့်ကွမ်းမှော်များမှာ နိုင်ငံတော်မှ တရားဝင် ခွင့်ပြုထားသည့် မှော်များမဟုတ်ကြောင်း၊ ရွှေပယင်း တူးဖော်ခြင်းများကြောင့် ဂေဟစနစ် ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့် တပ်မတော်က မကြာမီ နယ်မြေရှင်းလင်းရေးများ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စာတွင်ဒေသခံပြည်သူများ၊ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ၂၀၁၇ ခုနှစ် ဇွန် ၁၅ ရက် နောက်ဆုံးထား ထွက်ခွာရန်၊ ထွက်ခွာခြင်းမရှိပါက KIA အဖွဲ့နှင့် ပူးပေါင်းနေသူများဟု သတ်မှတ်မည်ဖြစ်ပြီး နယ်မြေရှင်းလင်းသည့်အခါ ပြည်သူများ သေဆုံးထိခိုက် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်မည်ကို မလိုလားသဖြင့် ကြိုတင်အသိပေးခြင်း ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တနိုင်းဒေသတွင် တရားမဝင် ရွှေမှော်၊ ပယင်းမှော်များကို အကြောင်းပြု၍ ပတ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၇ ဇွန်လဆန်းပိုင်းမှ ၂၀၁၈ ဇန်နဝါရီလအထိ ရှစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှုများကြားတွင် အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ မိုင်းနင်းဒဏ်ရာရခြင်း၊ မသင်္ကာသူများ ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent