ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ဝန်ထမ်းတစ်ဦး ကျားလှောင်အိမ်အတွင်း လက်နှိုက်စနောက်ရာမှ ကျားကိုက်ခံရမှုဖြစ်ပွား

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ဝန်ထမ်းတစ်ဦး ကျားလှောင်အိမ်အတွင်း လက်နှိုက်စနောက်ရာမှ ကျားကိုက်ခံရမှုဖြစ်ပွား
Published 3 February 2018

ရတနာပုံ တိရိစ္ဆာန်ဥယျာဉ်မှ ဝန်ထမ်းတစ်ဦးအား ကိုက်ခဲ့သော ကျားမ(မိုးစက်ဝိုင်)အား တွေ့ရစဉ်

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ဇန်နဝါ ရီ ၃၁ ရက်က ဝန်ထမ်းတစ်ဦး ကျားလှောင်အိမ် အတွင်းရှိ ကျားအား လက်နှိုက်စရာမှ ကိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင်က “လက်ကို ကျားကိုက်ခံရတဲ့ ဝန်ထမ်းက အလုပ်ဝင်တာ တစ်လပဲ ရှိပါသေးတယ်။ သူ့ကို အဲဒီနေ့က မိကျောင်းနဲ့ ဝက်ဝံရုံမှာ တာဝန်ချထားတာပါ။ အဲဒီလို အစမ်းခန့် ဝန်ထမ်းတွေကို အသားစားပြကွက်လို ကျားနဲ့ ခြင်္သေ့လှောင်အိမ် အတွင်းပိုင်း အစာကြွးတဲ့နေရာမှာ တာဝန်မပေးပါဘူး။ နောက်ပြီးသူက အစာသွားကြွေးတာလည်း မဟုတ်ဘူး။ အဲဒီကျားက သူ့ကိုထိန်းနေတဲ့ Keeper ဆိုရင် လုံးထွေးပြီး ဖက်လဲတကင်းနေတာ။ သူက ဒါကိုမြင်တွေ့နေတော့ ဒီကျား အရမ်းလိမ္မာတယ်ဆိုပြီး ထင်နေတာပေါ့။ ဆိုလိုတာက ကျားကတော့ ကျားပဲလေ။ ဒါပေမဲ့ ကျားက ငယ်ငယ်လေးကတည်းက နို့တိုက်ကျွေးမွေးခဲ့လို့ ယဉ်ပါးလိမ္မာခဲ့တဲ့ ကျားဖြစ်နေလို့ ငုံရုံတင် ငုံလိုက်တဲ့ သဘောပါ” ဟု ပြောကြားသည်။

တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် ယခင်က ယင်းကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရပြီး အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင်က “အရင်က ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။ ဒီဖြစ်စဉ်မှာလည်း ကျားက မွေးကတည်းက နို့တိုက်မွေးလာပြီး လိမ္မာရဲ့သားနဲ့ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတော့ ဒီဝန်ထမ်းက သူ့ကိုထိန်းကျောင်းနေတဲ့သူ မဟုတ်ပဲ စိမ်းနေတာရယ်၊ ပြီးတော့ မိတ်လိုက်ချိန်ဖြစ်နေတော့ စိတ်အပြောင်းအလဲ ဖြစ်နေပြီး စိတ်က ကယောက်ကယက် ဖြစ်နေတဲ့သဘောပါ။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ကျားထိန်းတဲ့  Keeper တွေက ကျားကို တုတ်နဲ့ထိန်းပြီး လှန့်လိုက်တော့မှ ပြန်လွတ်သွားတာ။ ဒဏ်ရာကတော့ ငုံရုံသဘောလောက်မို့ ကြီးကြီးမားမားတော့ ဖြစ်မသွားဘူး။ အပေါက်နှစ်ပေါက် ဖြစ်သွားတာပေါ့” ဟု ဦးသိန်းမင်းက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် ကျားမှာ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ ၂၀၁၁ ခုနှစ်က အာဖရိကနိုင်ငံမှ ရောက်ရှိလာသည့် ဂျက်ကီနှင့် ရိုဇီတို့မှ ပေါက်ဖွားခဲ့သည့် ကျားဖြစ်ပြီး မိုးစက်ဝိုင်ဟု အမည်ပေးထားကြောင်း သိရသည်။

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ကျားထီးငါးကောင်၊ ကျားမလေးကောင် စုစုပေါင်း ကိုးကောင်းရှိပြီး နို့တိုက်သတ္တဝါ ၃၁၄ ကောင်၊ ကျေးငှက်သတ္တဝါ ၄၁၅ ကောင်၊ တွားသွားသတ္တဝါ ၃၇၁ ကောင် ထိန်းသိမ်းပြသထားပြီး တိရစ္ဆာန ်စုစုပေါင်း ၁၁၀၀ ရှိကြောင်း သိရသည်။

 

Most Read

Most Recent