ဦးကိုနီ ရုံးချိန်းတွင် “မင်းတို့ထမင်းဝအောင်စားထား” စာသားပါ အင်္ကျီများကို လူအချို့က တရားစွဲ ခံထားရသူများအား ဝေငှ

ဦးကိုနီ ရုံးချိန်းတွင် “မင်းတို့ထမင်းဝအောင်စားထား” စာသားပါ အင်္ကျီများကို လူအချို့က တရားစွဲ ခံထားရသူများအား ဝေငှ
Published 3 February 2018

ဓာတ်ပုံ - ကျော်ဇင်ဖြိုး

ဦးကိုနီလုပ်ကြံခံရမှုကို စစ်ဆေးသည့် ရုံးချိန်းတွင် မင်းတို့ထမင်းဝအောင်စားထား စာသားပါသည့် အင်္ကျီများအား လူအချို့က တရားစွဲခံထားရသူများကို ဝေငှခဲ့ကြောင်း သိရသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သတ်၍ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ဖေဖော်ဝါရီ ၁ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။ ထိုသို့ ရုံးထုတ်စဉ် ဝေငှပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အင်္ကျီစာသားရဲ့ အဓိပ္ပာယ်က ထမင်းစားခိုင်းတာလေ။ ပြည်သူတွေ ထမင်း၀၀ စားစေချင်တဲ့ဆန္ဒနဲ့ ထမင်းဝအောင် စားစေချင်တဲ့ဆန္ဒပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး။ ဟင်းတစ်ခွက် လျှော့စားခိုင်းတာ မဟုတ်ဘူး။ ထမင်းဝအောင် စားခိုင်းတာပါ။ ဒါပါပဲ။တခြားရည်ရွယ်ချက် မရှိပါဘူး” ဟု အဆိုပါ အဖွဲ့မှ လူများက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

ထို့ပြင် သေနတ်သမားကြည်လင်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အားပေးထားသည့် Comment များကို Colour Print ထုတ်ကာ ကြည်လင်းသိစေရန် လာအားပေးခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ရခြင်းမှာ မည်သည့်အသင်းအဖွဲ့နှင့်မျှ မဆိုင်ဘဲ ၎င်းတို့ တစ်ဦးချင်းစီ၏ ခံစားချက်ဖြင့် လာရောက် အားပေးခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဖြေကြားချက်အရ သိရသည်။

အဆိုပါအဖွဲ့ထဲမှ လူတစ်ဦးကမူ ယင်းအင်္ကျီကို ဝတ်ဆင်ခဲ့ကာ အင်္ကျီနောက်ကျောတွင် “မင်းတို့ထမင်းဝအောင် စားထား” စာသား ပါရှိပြီး အင်္ကျီ၏ ရှေ့ဘက်တွင် အဆိုပါ စားသားနှင့်အတူ လက်ညှိုးထိုးနေသည့် စတစ်ကာ ပါရှိကြောင်း သိရသည်။

ထိုနေ့ရုံးချိန်းတွင် တရားစွဲခံထားရသူများအပေါ် စွဲချက်တင်သင့် မတင်သင့်နှင့် ပတ်သက်၍  တရားလို တရားခံ နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့သည်။

ယင်းကြောင့် နောက်ရုံးချိန်းတွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့အပေါ် စွဲဆိုထားသည့် ရာကြီးအမှု အမှတ် ၄၅/၂၀၁၇ နှင့် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အပေါ် စွဲဆိုထားသည့် ရာကြီးအမှုအမှတ် ၄၆/၂၀၁၇ တို့နှင့် ပတ်သက်၍ စွဲချက်တင်သည် မတင်သည်ကို အမိန့်ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

အမှုမှ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို စွဲဆိုထားသည့် ရာကြီးအမှုအမှတ် ၄၅/၂၀၁၇၊ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂ တွင် တရားလိုပြသက်သေ ၈၀ တင်ပြခဲ့အနက် ၇၂  ဦးကို စစ်ဆေးခဲ့ပြီး ရှစ်ဦးကို ပယ်ခဲ့သည်။

ထို့ပြင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ နှစ်ဦးတည်းကို စွဲဆိုထားသည့် ရာကြီးအမှုအမှတ် ၄၆/၂၀၁၇ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) (စ) တို့ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် ပတ်သက်၍လည်း တရားလိုပြသက်သေ ခုနစ်ဦးကို စစ်ဆေးခဲ့ပြီး တစ်ဦးကို ပယ်ခဲ့ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်၏ ရာဇဝတ် အထွေထွေ အမှုအမှတ် ၂၀/၂၀၁၇ တရားခံပြေး အမှုနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက် နံနက် ၁၀ နာရီကျော်တွင် စစ်ဆေးမှုပြီးဆုံးခဲ့ပြီး တရားရုံး စစ်ဆေးချက်များအရ ထိုစဉ်က အခြေအနေတွင် အောင်ဝင်းခိုင်အား ဖမ်းဆီးရမိနိုင်ခြေ မရှိသဖြင့် တရားခံပြေးအဖြစ် တရားရုံးက ကြေညာထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် လုပ်ကြံခံခဲ့ရခြင်းဖြစ်ပြီး ဦးကိုနီကို လုပ်ကြံသည့် သေနတ်သမား ကြည်လင်းအား လိုက်လံဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် လေဆိပ်အငှားယာဉ်မောင်း ဦးနေဝင်းမှာ ကြည်လင်းပစ်လိုက်သည့် ကျည်ဆန်ထိမှန် သေဆုံးခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီး ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

 

Most Read

Most Recent