တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်းသို့ မီးလောင်စေနိုင်သည့်ပုလင်း ပစ်သွင်းခဲ့သူမှာ စိတ်ရောဂါဝေဒနာရှင် ဖြစ်နေကြောင်း သိရ

တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်းသို့ မီးလောင်စေနိုင်သည့်ပုလင်း ပစ်သွင်းခဲ့သူမှာ စိတ်ရောဂါဝေဒနာရှင် ဖြစ်နေကြောင်း သိရ
Published 3 February 2018

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် လုံခြုံရေးများ စောင့်ကြပ်နေသည်ကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ပုံကြီး)၊ ကျူးလွန်သည်ဟု ယူဆရသူအား တွေ့ရစဉ် (ပုံသေး)

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ မီးလောင်စေနိုင်သည့်ပုလင်း ပစ်သွင်းခဲ့သူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ဗဟန်းမြို့ နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

“ကျူးလွန်သူကိုမိပါပြီ။ သူက မြောက်ဒဂုံမှာနေတယ်။ ကျူးကျော်ရပ်ကွက်မှာ နေတယ်လို့ သိရတယ်။ သူ့မှာ မိသားစုရှိပါတယ်။ မြကျွန်းသာမှာ ညစောင့်လုံခြုံရေး လုပ်ပါတယ်လို့ သိရတယ်။ ဒါပေမဲ့ ခုလုပ်နေတာလား။ အရင်ကလုပ်ခဲ့ဖူးတာလား ဆိုတာတော့ သေချာအတိအကျ မသိရသေးဘူး။ မိတာကတော့ သေချာပါတယ်။ အခြားအချက်အလက်တွေကိုတော့ ရဲက ကျွန်တော်တို့ကို မပြောသေးဘူး” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောကြားသည်။

ဖမ်းဆီးရမိသူမှာ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ဝင်းနိုင်  (၄၂နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် မြကျွန်းသာတွင် ညစောင့်လုံခြုံရေး အလုပ်ကို လုပ်ကိုင်သူ ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖမ်းဆီးရမိသူမှာ မြကျွန်းသာပန်းခြံတွင် ညစောင့်အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းအား ဖမ်းဆီးရမိချိန်တွင် အခင်းဖြစ်စဉ်က ဝတ်ဆင်ထားသည့် အင်္ကျီကို ဝတ်ဆင်ထားကြောင်း သိရသည်။

မီးလောင်စေနိုင်သည့်ပုလင်း ပစ်သွင်းခဲ့သူ ဝင်းနိုင်မှာ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံတွင် ၂၀၁၆ ခုနှစ်က တက်ရောက်ကုသခဲ့သည့် ဆေးမှတ်တမ်းများ လူမှုကွန်ရက် စာမျက်နှာများတွင် ထွက်ပေါ်လျက်ရှိပြီး ယင်းမှတ်တမ်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ အတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဖုန်းပြန်လည် ဖြေကြားခြင်း မရှိပေ။

ဖြစ်စဉ်မှာ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်သည့် ခြံအမှတ် ၅၄/၅၆ သို့ ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲခန့်က အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ခြံ၏ယာဘက်ထောင့်နားမှနေ၍ ခြံအတွင်းသို့ မီးလောင်စေနိုင်သည့် ပုလင်းတစ်လုံး ပစ်သွင်းခဲ့ပြီး အဆိုပါ အမျိုးသားမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်သွင်းခဲ့သဖြင့် ခြံဝင်းအတွင်း ခြံစောင့်တဲအနီးရှိ ရေပိုက်တစ်ချောင်း မီးစွဲလောင်ခဲ့ပြီး ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရပြီး အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူကို ဗဟန်းမြို့မ ရဲစခန်းမှ (ပ)၆၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရန်ကုန်မြို့ရှိ နေအိမ်သို့ မီးလောင်စေနိုင်သည့် ပုလင်းပစ်သွင်းခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် လက်ရှိတွင် နေအိမ်ရှေ့၌ လုံခြုံရေးများကို တင်းကျပ်ထားကြောင်း သိရသည်။

နေအိမ်ရှေ့ ပလက်ဖောင်းပေါ်တွင် သွပ်ကြိုးအကာအရံများ များပြားစွာချထားခြင်း၊ လုံခြုံရေး ရယူနေသည့် ရဲတပ်ဖွဲ့ဝင်များကို အင်အားတိုးမြှင့်ခြင်းများ ဆောင်ရွက်ထားသည်ကို တွေ့ရသည်။

Most Read

Most Recent