လယ်ယာမြေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မသိဘဲ လုပ်ဆောင်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးမြေများ ကျန်မည်မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

လယ်ယာမြေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မသိဘဲ လုပ်ဆောင်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးမြေများ ကျန်မည်မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 3 February 2018

နေပြည်တော်တွင် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

လယ်ယာမြေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့က မသိဘဲ လုပ်ဆောင်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးမြေများကျန်မည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

နေပြည်တော်၌ ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့တွင် တောင်ကုတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၏ ပွင့်လင်းမြင်သာမှုလည်းမရှိ၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်လည်း မညီသော မြို့ကွက်သစ် အိမ်ရာစီမံကိန်းကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၏ ဖြေကြားချက်နှင့် ပတ်သက်ပြီး ဦးဝင်းမြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလွန်အရေးကြီးပါတယ်။ ဒီဟာမျိုးတွေဟာ ကျန်တဲ့ပြည်နယ်၊ တိုင်းတွေမှာလည်း ဖြစ်နေပါတယ်။ မြို့ကွက်သစ်တွေ အိမ်ရာစီမံကိန်းတွေ ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့သက်ဆိုင်ရာဝန်ကြီးဌာနကလည်း မသိဘဲနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း မသိဘဲနဲ့ ဒီလိုလုပ်တယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာမှာ စိုက်ပျိုးမြေတောင် ကျန်မှာမဟုတ်တော့ဘူး။ လယ်ယာမြေတောင် ကျန်မှာမဟုတ်တော့ဘူး။ စိုက်ဖို့ပျိုးဖို့တောင်ရှိမှာ မဟုတ်တော့ဘူး။ ဒါကြောင့်မို့လို့ ဒီမေးခွန်းဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလွန်အရေးကြီးတယ်။ အခုကိုယ်စားလှယ်က မေးပြီ ဆွေးနွေးပြီ၊ တင်ပြပြီ။ ပြည်နယ်အစိုးရက တားရမယ်၊ ဆီးရမယ်၊ မှန်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနက သိရှိပြီ ဒီအကြောင်းကို။ သက်ဆိုင်ရာဝန်ကြီးဌာနက အဲဒီ ပြည်နယ်၊ တိုင်းအစိုးရကို မိမိပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်လည်း မရှိဘဲနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း မသိဘဲနဲ့ လယ်ယာမြေဥပဒေအနေနဲ့လည်း လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့် ညီညွတ်မှု မရှိဘဲနဲ့ သိနေပြီ ကြားနေပြီဆိုရင် ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်ထောင်စုဝန်ကြီးဌာန အနေနဲ့ သက်ဆိုင်ရာပြည်နယ် အစိုးရကိုတားဖို့ မလိုအပ်ဘူးလား ညွှန်ကြားဖို့ မလိုအပ်ဘူးလား။ ပြည်နယ်၊ တိုင်းအစိုးရက တားရမယ်။ ဒီလို ဆင်ဝှေ့ရန်ရှောင် အလုပ်လုပ်လို့တော့ မရနိုင်ဘူး” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

တောင်ကုတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် မရသေးဘဲ လမ်းဖောက်ခြင်းနှင့် အုတ်တံတိုင်းခတ်ခြင်းများကို လုပ်ဆောင်ခွင့်ရှိပါသလားနှင့် မည်သို့ အရေးယူမည်ကို သိလိုကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြားရာတွင် သက်ဆိုင်ရာပြည်နယ်အစိုးရက ဗဟိုခွင့်ပြုချက်ရယူ၍ လိုအပ်သည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ခွင့်ပြုရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိသေးဘဲ ဆောင်ရွက်ခြင်းကို ပြည်နယ်အစိုးရက တားဆီးရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားချက်နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့် တာဝန်ရှိပြီး ပြည်နယ်၊ တိုင်းအစိုးရမှ တားဆီးလိမ့်မည်ဆိုသည့် အဖြေလောက်နှင့် မလုံလောက်ဘဲ လွှတ်တော်ကိုယ်စားလှယ် အနေဖြင့်လည်း မေးခွန်းမေးရုံဖြင့် တင်းတိမ်မနေဘဲ အထောက်အထားအတိုင်း သက်ဆိုင်ရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်ထောင်စုအစိုးရ တာဝန်ရှိပုဂ္ဂိုလ်ထံ ပေးပို့ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မှာကြားသည်။

Most Read

Most Recent