NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်အနေဖြင့် ပြောဆိုခြင်းမရှိသောစကားများ၊ မှတ်ချက်များကို အတုအယောင် ဖန်တီးပြုလုပ်သူများကို အရေးယူ ဆောင်ရွက်မည်

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်အနေဖြင့် ပြောဆိုခြင်းမရှိသောစကားများ၊ မှတ်ချက်များကို အတုအယောင် ဖန်တီးပြုလုပ်သူများကို အရေးယူ ဆောင်ရွက်မည်
Published 3 February 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်အနေဖြင့် ပြောဆိုခြင်းမရှိသောစကားများ၊ မှတ်ချက်များကို အတုအယောင် ဖန်တီးပြုလုပ်သူများကို လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးကြည်တိုးက ဖေဖော်ဝါ ရီ ၂ ရက်တွင် ၎င်း၏ ဖေစ့်ဘွတ်စာမျက်နှာမှ တစ်ဆင့် အသိပေးထားသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၏ အမည်ဖြင့် Facebook စာမျက်နှာ (facebook page: https://www.facebook.com/winthein.nld/) သည် ဦးဝင်းထိန် ဖွင့်လှစ်ထားခြင်းမဟုတ်ဘဲ အခြားသူတစ်ဦးဦးက ဖွင့်လှစ်ထားသော စာမျက်နှာသာ ဖြစ်ပါသည်။ ဦးဝင်းထိန်အနေဖြင့် ပြောဆိုခြင်းမရှိသောစကားများ၊ မှတ်ချက်များကို အတုအယောင် ဖန်တီးပြုလုပ်သူများကို လိုအပ်သလို ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု ဦးကြည်တိုးက ရေးသားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်အား အရန်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်ဟု ရေးသားထားသည့် ကြေညာချက်အတုသည် ဇန်နဝါရီ ၂၈ ရက် ရက်စွဲဖြင့် ထွက်ပေါ်လာခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဦးဝင်းထိန်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စီအီးစီအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်က မီဒီယာများကို ပြောကြားထားသည်။

ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်းက တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ဦးဝင်းထိန်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ ဦးကျော်ဟိုး၊ ဒေါ်လဲ့လဲ့၊ ဒေါ်ဝင်းမြမြ၊ ဦးတိုးလွင်နှင့် ဦးတင်ထွဋ်ဦးတို့ကို တာဝန်ပေးလိုက်ကြောင်း ပါတီက ကြေညာထားသည်။ လက်ရှိတွင် ဦးဝင်းထိန်အနေဖြင့် ၎င်း၏သား မင်္ဂလာဆောင်ပြီးသည့်နောက်တွင် သြစတြေးလျနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

Most Read

Most Recent