<

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများ ဒီဇိုင်းရေးဆွဲခဲ့သည့် မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်၏ ၈၈ နှစ်ပြည့် မွေးနေ့နှင့် အထိမ်းအမှတ် ကျောက်စာတိုင်ဖွင့်ပွဲ တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပ

မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်၏ အထိမ်းအမှတ် ကျောက်စာတိုင်ကို တွေ့ရစဉ်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကို ဒီဇိုင်းရေးဆွဲခဲ့သည့် မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်၏ အသက် ၈၈ နှစ်ပြည့်မွေးနေ့နှင့် အထိမ်းအမှတ် ကျောက်စာတိုင်ဖွင့်ပွဲကို အမရပူရမြို့နယ် တောင်သမန်အင်း အနောက်ဘက်ထိပ်ရှိ တောင်လေးလုံးကျောင်းတိုက် သူဌေးဘုရားရင်ပြင်တွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့် အမှတ်တရ ကျောက်စာတိုင်ကို တောင်လေးလုံး ကျောင်းတိုက်အတွင်းရှိ သူဌေးဘုရားရင် ပြင်တော်ပေါ်တွင် စိုက်ထူခဲ့ပြီး မာဘယ်လ် ကျောက်စာတိုင်ဖြစ်ကာ အရွယ်အစားမှာ အမြင့် ခြောက်ပေ သုံးလက်မ၊ ထုထည် သုံး ပေရှိကာ ပညာအလင်းပေး အထိမ်းအမှတ်အဖြစ် ဖယောင်းတိုင် မီးတောက်အတွင်း ဆရာဦးအေးမြင့်၏ပုံနှင့် ရှေ့သို့အဓိပ္ပာယ်ရသည့် သင်္ကေတပါရှိသည်။ အမရပူရ အထိမ်း အမှတ် ကနုတ်ပန်းနှင့် ဆရာဦးအေးမြင့်လက် မှတ်ရေးထိုးလေ့ရှိသည့် ခေါင်းလောင်းပုံအတွင်း ‘ဧ’ အက္ခရာ မွေးနေ့နံ ဂဠုန်ရုပ်တို့ကို ကျောက်စာတိုင်တွင် ထည့်သွင်းထားပြီး ကျောက်တိုင်ဖြစ်မြောက်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးရှိ ဆရာဦးအေးမြင့်၏ တပည့်သားသမီးများက ဂုဏ်ပြုပူဇော်ကြခြင်းဟု ဆရာဦးဝင်းမောင် (တမ္ပ၀တီ) က ပြောကြားသည်။

“မြန်မာပြည်သူပြည်သားတွေ ပန်းချီပညာရှင်တွေကို မြန်မာမှုပန်းချီ ခံစားတတ်အောင် ရေးဆွဲထားခဲ့တဲ့၊ ဆရာကြီးရဲ့ ခေတ်အဆက်ဆက်ရေးခဲ့တဲ့ ရတနာမွန်မဂ္ဂဇင်း မျက်နှာဖုံးပုံတွေနဲ့ တခြားမဂ္ဂဇင်းသရုပ်ဖော် ပုံတွေကို အခုပွဲမှာ ပြသထားပါတယ်။ မြန်မာ ပန်းချီလိုင်းမျိုးစုံရှိပါတယ်။ သဘာဝကိုရေးတဲ့ ပန်းချီဆရာရှိမယ်၊ ခေတ်ပေါ်အနုပညာပန်း ချီဆရာရှိမယ်။ ဆရာကြီးကတော့ မြန်မာမှု ရိုးရာပန်းချီကိုအခြေခံတဲ့ မြန်မာပန်းချီတီ ထွင်ခဲ့ပြီး မြန်မာတွင်သာမက ကမ္ဘာမှာ ကျော်ကြားခဲ့တဲ့ ပညာရှင်တစ်ယောက်ကို ဂုဏ်ပြုပြီးတော့မှ သူရဲ့ ၈၈ နှစ်မြောက်မွေးနေ့မှာ အမှတ်တရ ကျောက်စာတိုင်ကို စိုက်ထူခဲ့တယ်” ဟု ဆရာဦးဝင်းမောင် (တမ္ပ၀တီ) က ပြောကြားသည်။

မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်ကို ၁၉၃၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အဖဦးကျောက်၊ အမိဒေါ်မိစံ (ဒေါ်မမလေး) တို့က မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်၌ မန္တလေးမြို့၏ နာမည်ကြီးပန်းချီဆရာ ဦးကြွယ်လေးထံတွင် စီးပွားရေးကြော်ငြာပန်းချီ သုံးနှစ်သင်ကြားခဲ့သည်။

ထို့နောက် ဆရာဦးခင်မောင် (ဘဏ်အထွေထွေမန်နေဂျာနှင့် ပန်းချီ) ထံ ရသပန်းချီအခြေခံမှစ၍ သင်ယူခဲ့ပြီး ဆရာဦးခင်မောင်၏ အကူအညီဖြင့် ၁၉၅၁ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ပျဉ်းမနားဦးလှ စာပေးစာယူ သင်ခန်းစာနှင့် ၀ါရှင်တန်ပန်းချီကျောင်း စာပေးစာယူ သင်ခန်းစာများကိုလည်း သင်ယူခဲ့သည်။

မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်မှာ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အတွင်း မြန်မာ့ငွေ စက္ကူနှင့် လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းများ ထုတ်လုပ်သည့် ၀ါဇီစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းအချိန်ပိုင်းက ထွက်ရှိခဲ့သော တစ်ကျပ်တန်၊ ငါးကျပ်တန်နှင့် ကျပ် ၁၀ တန်တို့တွင် ပါဝင်သော ဒီဇိုင်းများကို ရေးဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၁၅ ကျပ်တန် ဒီဇိုင်းမှာလည်း ဆရာကြီးဦးအေးမြင့် ရေးဆွဲခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဆရာကြီးဦးအေးမြင့်မှာ မြန်မာမှုဒီဇိုင်း ရေးဆွဲတာဝန်များဖြင့် အီတလီ၊ ဂျာမနီ၊ အင်္ဂလန်၊ ဂျပန် စသည့်နိုင်ငံများတွင် ပြုလုပ်သည့် ကမ္ဘာ့ကုန်စည်ပြပွဲများ သွားရောက်ခဲ့ခြင်း၊ ထင်ရှားသည့် ဒီဇိုင်းလက်ရာများမှာ မင်းကွန်းပိဋကတ်စေတီ (၁၉၈၄)၊ ကမ္ဘာအေး သိမ်တော်ကြီး (၁၉၈၆)၊ ရွှေတိဂုံ တောင်ဘက်စောင်းတန်း (၁၉၉၆) တို့အပြင် ပုံရိုက်ဒီဇိုင်း၊ ပြက္ခဒိန်၊ မြန်မာ့စာပို့တိုက် တံဆိပ်ခေါင်းများ၊ သီရိပစ္စယာဟိုတယ်၊ ယွန်းကားနံရံများ၊ ရတနာ မွန်စာစောင်အဖုံး၊ မြတ်ဆုမွန်အဖုံး အစရှိသည့် ဗိသုကာဒီဇိုင်းနှင့် ပန်းချီတို့ကို ရေးဆွဲခဲ့သူဖြစ်သည်။

မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်မှာ အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က မန္တလေး အမရပူရမြို့နယ် ဆင်စွယ်ပွတ် ပန်းပဲတန်းရပ်ကွက်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

February 2, 2018














Copy Protected by Chetan's WP-Copyprotect.