ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ကမ်းပါးပြိုကျမှုဖြစ်ပွားပြီး ယာဉ်ယန္တရားသုံးစီး နစ်မြုပ်ပျက်စီးကာ တစ်ဦးသေဆုံး

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ကမ်းပါးပြိုကျမှုဖြစ်ပွားပြီး ယာဉ်ယန္တရားသုံးစီး နစ်မြုပ်ပျက်စီးကာ တစ်ဦးသေဆုံး
Published 2 February 2018

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ကမ်းပါးပြိုကျမှုဖြစ်ပွားပြီး ယာဉ်ယန္တရားအချို့ နစ်မြုပ်ပျက်စီးသွားစဉ်

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်တစ်ခုအတွင်း ကမ်းပါးပြိုကျမှုဖြစ်ပွားပြီး ယာဉ်ယန္တရားသုံးစီး နစ်မြုပ်ပျက်စီးကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖားကန့်မြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ ဗလခကျေးရွာအနီးရှိ နဂါးကိုးကောင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်တစ်ခုအတွင်း ဇန်နဝါရီ ၃၀ ရက် ည ၉ နာရီခွဲခန့်က အမြင့်ပေ ၅၀၀ ခန့်ရှိ ကျောက်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ရာ လုပ်ငန်းဆောင်ရွက်နေသည့် ဘက်ဟိုးယာဉ်နှစ်စီးနှင့် မြေသယ်ယာဉ် တစ်စီးတို့မှာ မြေပြိုကျရာ၌ နစ်မြုပ် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်းပါးပြိုကျမှုမှာ ကုမ္ပဏီမှ ညအချိန် လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း ပြိုကျခဲ့ခြင်းဖြစ်ပြီး နစ်မြုပ်ရာတွင် ပါဝင်သည့် ဘက်ဟိုးယာဉ်မောင်းနှင်သူ တစ်ဦးနှင့် မြေသယ်ယာဉ်မောင်းနှင်သူ တစ်ဦးတို့မှာ အချိန်မီ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဘက်ဟိုးယာဉ်မောင်းနှင်သူ တစ်ဦးမှာမူ ဘက်ဟိုးယာဉ်နှင့်အတူ မြေစာများဖြင့် ဖုံးအုပ်သွားခဲ့ကြောင်း သိရသည်။

ဘက်ဟိုးယာဉ်မောင်း ကိုအေးဉာဏ် (၃၈) နှစ်၊ (ဘ)ဦးလောမောင်မှာ မြေစာဖုံးလွှမ်းနေသောယာဉ်၌ ပါရှိနေကြောင်း သိရသဖြင့် မြေစာဖုံးလွှမ်းနေသော ကိုအေးဉာဏ်အား ဝိုင်းဝန်းရှာဖွေခဲ့ရာ ဇန်နဝါရီ ၃၁ ရက် နံနက် ၅ နာရီခွဲတွင် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့်ကမ်းပါးပြိုကျရာတွင် သေဆုံးခဲ့သည့် နဂါးကိုးကောင်ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်သူ ဘက်ဟိုးယာဉ်မောင်း ကိုအေးဉာဏ်အား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ရဲအုပ်ဇော်ဇော်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဖားကန့်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၈)ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဒုရဲမှူး ဝင်းဇော်ဦးက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်များနှင့် ဆက်စပ်သည့် ဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦးထက်မနည်း လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဇန်နဝါရီ ၄ ရက်က မော်မောင်းဘွမ်ကျေးရွာအနီးတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ခြောက်ဦးသေဆုံးခဲ့ကာ ဇန်နဝါရီ ၆ ရက်တွင် ဝှေခါကျေးရွာအနီးရှိ အဂ္ဂရတနာကုမ္ပဏီလုပ်ကွက်အတွင်း ကျောက်ကမ်းပါးပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ငါးဦး သေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီ ၁၀ ရက်ကလည်း နမ့်မော်ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံ ပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ လေးဦးသေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၀ ရက်ကလည်း ကုဋေကျေးရွာအနီးရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် နွံအိုင်ကန်ပေါက်ကျမှု ဖြစ်ပွားပြီး ကုမ္ပဏီ ဝန်ထမ်းများနှင့် ပြင်ပမှ ရေမဆေးကျောက်ရှာဖွေသူများ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent