ကျောင်းထုတ်ခံထားရသည့် ကျောင်းသားကျောင်းသူများ ခံဝန်ဖြင့် အသနားခံစာတင်ပါက ပြန်လည် လက်ခံမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

ကျောင်းထုတ်ခံထားရသည့် ကျောင်းသားကျောင်းသူများ ခံဝန်ဖြင့် အသနားခံစာတင်ပါက ပြန်လည် လက်ခံမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
Published 2 February 2018

ဇန်နဝါရီ ၂၅ ရက် နံနက် ၄ နာရီက ကျောင်းဝင်းအတွင်းမှ ထုတ်ပယ်ခံရပြီး ကျောင်းရပ်နား ခံထားရသည့် ကျောင်းသား ကျောင်းသူများကို ခံဝန်ဖြင့် ပြန်လည်လက်ခံပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနက ကြေညာချက်ကို ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲက ထုတ်ပြန်ခဲ့သည်။

“စာကို ဒီနေ့ပဲ ထုတ်လိုက်တာပါ။ မနေ့က ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို ဒီကိစ္စကို ကျွန်တော် တင်ပြတဲ့အခါ အဲဒီအဖွဲ့ကနေ သဘောတူလို့ ထုတ်လိုက်တာပါ။ ကြေညာချက်ထဲမှာ ပါတဲ့အတိုင်းပဲ ပြုလုပ်သွားမှာ။ သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းစီမံခန့်ခွဲရေး အဖွဲ့တွေက စာမှာပါတဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြမှာပါ။ အရင်ကလည်း ဒီလိုဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက လူကလည်းနည်းတော့ ကျွန်တော်တို့ ကိုယ့်ကျောင်းနဲ့ကိုယ် ကျောင်းစီမံခန့်ခွဲရေးအဖွဲ့နဲ့ ပြုလုပ်ခဲ့ကြတယ်။ ကျောင်းထုတ်တယ်။ ပြန်လက်ခံတယ်။ စာမေးပွဲဖြေဆိုခွင့်ရတယ်။ အဲဒီထဲကနေ ဘွဲ့ရသွားသူတွေလည်း ရှိပါတယ်။ အခုကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေကို ပြန်ပြီး ခံဝန်နဲ့လက်ခံပေးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် နောက်ထပ်ကျန်ရှိ ကျောင်းသားတွေကို ကျောင်းထုတ်ဖို့ မလုပ်တော့ဘူးလို့ မြင်မိပါတယ်။ ရတနာပုံဆိုလည်း ၁၂ ယောက် ကျောင်းထုတ်ခဲ့တယ်။ နှစ်ယောက်က အပြင်က ကျောင်းမအပ်ရသေးတော့ ကျွန်တော်တို့ ကျောင်းသား မဟုတ်သေးပါဘူး။ အခြားကျောင်းတွေကလည်း ပြင်ပစာမေးပွဲဖြေတဲ့ သူတွေပါတယ်။ သူတို့ကိုလည်း စာမေးပွဲဖြေဖို့ လာရောက်လျှောက်ထားတဲ့အခါ ဖြေဆိုခွင့်ပေးသွားမှာပါ” ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

အဆိုပါ ကြေညာချက်တွင် အကျင့်စာရိတ္တ ပျက်ပြားမှုဆိုင်ရာ ပြစ်မှုများနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများကျူးလွန်သော ကျောင်းသား ကျောင်းသူများကို တက္ကသိုလ်စီမံခန့်ခွဲရေး အဖွဲ့များက ကျောင်းမှရပ်နား၍ မိဘများထံ ပြန်လည်အပ်နှံခဲ့ကြောင်း၊ ၎င်းကျောင်းသား ကျောင်းသူများကို (၃၁.၁.၂၀၁၈) တွင် ပြုလုပ်သော ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၊ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈) က  ယင်းကျောင်းသား ကျောင်းသူများအား နောင်တွင် အကျင့်စာရိတ္တ ပျက်ပြားမှုဆိုင်ရာ ပြစ်မှုများနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများ ကျူးလွန်မည် မဟုတ်ကြောင်း ခံဝန်ကတိနှင့်အတူ မိဘအုပ်ထိန်းသူတို့၏ ထောက်ခံချက်ဖြင့် အသနားခံ တင်ပြလာပါက လက်ရှိပညာသင်နှစ်တွင် စာမေးပွဲဖြေဆိုခွင့် ပြုမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် အကျင့်စာရိတ္တ ပျက်ပြားမှုဆိုင်ရာ ပြစ်မှုများနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများ ထပ်မံကျူးလွန်ပါက ပညာသင်နှစ်တစ်နှစ် ရပ်နားမည်ဖြစ်ကြောင်း၊ တတိယအကြိမ် အကျင့်စာရိတ္တ ပျက်ပြားမှုဆိုင်ရာ ပြစ်မှုများနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများ ကျူးလွန်ပါက နေ့သင်တန်း တတ်ရောက်ခွင့်မပြုဘဲ အဝေးသင် သင်တန်းကိုသာ တတ်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တက္ကသိုလ် ဒီဂရီကောလိပ်များ အနေဖြင့် သိရှိဆောင်ရွက်နိုင်ရန် ဖေဖော်ဝါရီ ၁ ရက်မှ စတင်အကြောင်းကြားထားကြောင်း သိရသည်။

“အခုအစိုးရက အရင်တုန်းက စစ်အာဏာရှင်လက်ထက်က လုပ်ခဲ့တဲ့အတိုင်း ကျောင်းသားတွေ အသနားခံစာတင်၊ နောက်မလုပ်ပါ ဘူး လက်မှတ်ထိုး၊ ကျောင်းပြန်တက်ခွင့်ပေးမယ်ပေါ့။ ဒါကတော့ ဘာပဲဖြစ်ဖြစ် ကျောင်းသားတွေကို တိုက်ရိုက်ချိုးနှိမ် လိုက်တာပါ။ နိုင်ငံရေးလုပ်ရင်၊ ဆန္ဒပြရင် ကျောင်းထုတ်မယ်။ အသနားခံစာတင်ပြီး နောက်မလုပ်ပါဘူး။ ခံဝန်လက်မှတ်ထိုးရင် ကျောင်းတက်ခွင့် ပေးမယ်။ အဲဒီအတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်မှာတော့ အဝေးသင်ပြောင်းမယ်။ ဒါကတော့ တော်တော်ဆိုးဆိုးရွားရွားပါပဲ။ ပြီးတော့ အဆင့်မြင့်ပညာ ဦးစီးဌာနက တိုက်ရိုက်ထုတ်ပြန်တာ ဖြစ်တဲ့အတွက် ကျောင်းတွေကို တိုက်ရိုက်လမ်းညွှန်မှုပါပဲ။ ကျွန်တော်တို့ဘက်ကလည်း ကျောင်းပြန်တက်ခွင့်ရဖို့ အသနားခံစာတင်မှာ မဟုတ်ပါဘူး။ အခုထက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်” ဟု တိုက်ပွဲကော်မတီဝင် ကျော်သီဟရဲကျော်က ပြောကြားသည်။

 

Most Read

Most Recent