မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်းမ၌ တံတားတစ်စင်း ဖျက်ဆီးခံရပြီးနောက် လမ်းပိုင်းပြတ်တောက်ကာ ပူတာအိုဒေသတွင် ကုန်ဈေးနှုန်း မြင့်တက်လာ

မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်းမ၌ တံတားတစ်စင်း ဖျက်ဆီးခံရပြီးနောက် လမ်းပိုင်းပြတ်တောက်ကာ ပူတာအိုဒေသတွင် ကုန်ဈေးနှုန်း မြင့်တက်လာ
Published 2 February 2018

မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်းမတွင် တံတားတစ်စင်း ဖျက်ဆီးခံရပြီးနောက် လမ်းပိုင်း ပြတ်တောက်ကာ ပူတာအိုဒေသတွင် ကုန်ဈေးနှုန်း မြင့်တက်လာကြောင်း ပူတာအိုဒေသခံများက ပြောကြားသည်။

ပူတာအိုခရိုင်တွင် လူဦးရေ တစ်သိန်းဝန်းကျင် နေထိုင်ပြီး မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်းမပေါ်တွင် ကေအိုင်အေ လက်နက်ကိုင်တစ်စုက တံတားတစ်စင်းကို ဇန်နဝါ ရီ ၂၈ ရက်တွင် ဖျက်ဆီးခဲ့ပြီးနောက် ခရီးသွားလာမှု ပြတ်တောက်မှု ဖြစ်ပေါ်ပြီး စားသုံးကုန်စည်များ တဖြည်းဖြည်း ဈေးတက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ပူတာအိုဒေသခံ ဦးညာဒီယော်က “တံတားလမ်း ပြတ်တောက်တော့ အခုလိုဖြစ်သွားတယ်။ အခုက တံတားသုံးခုလို့တောင် ပြော နေကြတယ်။ စက်သုံးဆီတွေကတော့ တစ်ဂါလန်ကို တစ်ထောင် တက်သွားပြီ။ တခြားစားစရာ ကုန်တွေလည်း တက်နေတယ်။ တပ်မတော်က လမ်းပေါ်မှာ ရှင်းလင်းရေးလုပ်နေတော့ ပစ်ခတ်မှုတွေ ဖြစ်မှာကြောင့် ဘယ်သူမှ မဆင်းရဲသေးဘူး။ လမ်းတံတားလုပ်ငန်းက မိသားစုတွေနဲ့ လူပေါင်း ၁၀၀ ကျော်လည်း ပူတာအိုဘက်ကို ထွက်လာကြတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် တံတားအမှတ် ၆/၁၁၁ တံတားကို ပိတ်ဆို့ထားဆဲဖြစ်ပြီး တံတားအမှတ် ၂/၁၁၀ မှာ ၂၅ ပေခန့် ဘက်ဟိုးဖြင့် ကုပ်ဖြိုထားဆဲ အခြေအနေဖြစ်ကြောင်း လမ်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ယင်းတံတားများမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးခြင်းခံရသည့် တံတားတစ်စင်းဖြစ်ပြီး လမ်းတံတားကြီးကြပ်သူ တစ်ဦးလည်း မိုင်းခွဲသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း အစိုးရ မှတ်တမ်းများအရ သိရသည်။

အစိုးရမှတ်တမ်းများအရ ၂၀၁၁ ခုနှစ်နောက်ပိုင်း တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှုများ ဖြစ်ပွားကာ တံတားအစင်းပေါင်း ၁၂၀ ကျော် မိုင်းခွဲဖျက်ဆီးခြင်းခံရပြီး ယခုအချိန်တွင် အားလုံးနီးပါး ပြန်လည်တည်ဆောက် နိုင်ခဲ့ကြောင်း သိရသည်။

လမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းမြင့်ဦးက “အခြေအနေက မထူးသေးဘူး။ လမ်းအလုပ်သမားအားလုံး ၁၈၀၀ ကျော်ကို မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုဘက်မှာ ယန္တရားတွေ အပါအဝင် တိမ်းရှောင်နေတယ်။ အခြေအနေ နောက်ထပ် မထူးသေးတော့ လုပ်ငန်းအားလုံး ရပ်နားထားတယ်။ မိုင် ၉၀ နှင့် မိုင် ၈၂ မိုင် မှာ လမ်းကို ဘက်ဟိုးတွေနဲ့ ၁၅ ပေလောက် သွားမရအောင် လုပ်ထားတယ်။ အခုအချိန်မှာတော့ ဘယ်လို့သွားလို့လည်း မရပါဘူး။ သွားလည်းမသွားကြဘူး။ လမ်းကြောမှာ မလုံခြုံဘူးလေ။ လမ်းတံတား အဖွဲ့တွေက ဖမ်းဆီးခံရတယ် ဆိုတာတော့ ကျွန်တော်တို့ဆီ သတင်းမရောက်သေးဘူး” ဟု ပြောကြားသည်။

ပူတာအိုဒေသခံများမှာ မြစ်ကြီးနား-ပူတာအို လမ်းပိုင်းကို တစ်ခုတည်းသော အဓိက ကုန်သွယ်ရေး လမ်းကြောင်းအဖြစ် အသုံးပြုနေပြီး ဒေသခံများက ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ကုန်ပစ္စည်း ရှားပါးပြတ်လတ်မည်ကို စိုးရိမ်နေပြီး လက်ရှိတွင် ကုန်ဈေးနှုန်း တက်နေသည့် အခြေအနေ ဖြစ်နေကြောင်း ပြောကြားသည်။

ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးရန်နန်းဖုန်က “ပူတာအိုခရိုင်မှာ လက်ရှိမှာ လူဦးရေက တစ်သိန်းအထက်ရှိမယ်။ ဒေသအားဖြင့် ဝမ်းစာစပါးလောက်ငှတော့ မြစ်ကြီးနားဘက်ကနေ အားလုံးသွင်းရတယ်။ အိမ်ဆောက်ပစ္စည်းက အစပေါ့။ အခုလိုဖြစ်တာတော့ စိတ်မကောင်းဘူး။ ဒီထက်ဆိုးလာရင် ဟိုမှာက အခြေအနေက ကမောက်ကမတွေ ဖြစ်တော့မှာ။ အဓိကတော့ ကုန်းလမ်းမရရင် ဈေးတွေအားလုံး တက်မှာပဲ။ မလုပ်သင့်ဘူး။ ဟိုမှာက ဝမ်းစာစပါးတောင် လောက်ငှအောင် မရကြဘူး” ဟု ပြောကြားသည်။

 

Most Read

Most Recent