ဒုတိယအကြိမ် လွှတ်တော်များ၏ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား လွှတ်တော်ဝင်းအတွင်း ပြုလုပ်

ဒုတိယအကြိမ် လွှတ်တော်များ၏ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား လွှတ်တော်ဝင်းအတွင်း ပြုလုပ်
Published 2 February 2018

ဒုတိယအကြိမ် လွှတ်တော်များ၏ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ပြုလုပ်နေသည်ကို တွေ့ရစဉ်

ဒုတိယအကြိမ် လွှတ်တော်များ၏ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား လွှတ်တော်ဝင်းအတွင်းရှိ ထမင်းစားခန်းမဆောင်တွင် ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်နှစ်နှစ်ပြည့် အမှတ်တရမိန့်ခွန်း ပြောကြားခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က မိန့်ခွန်း ပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “ဥပဒေပြုလွှတ်တော်အားကောင်းမှသာ ဒီမိုကရေစီအားကောင်းမှာဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်များမှလည်း စွမ်းရည်မြင့်မားအောင် ကြိုးစားရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်ရဲ့အကျိုး၊ ပြည်သူတွေရဲ့အကျိုးကို ရှေးရှုပြီး ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေဟာ တတ်နိုင်သမျှ ခွဲခြားအသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူသာ အခရာဖြစ်လို့ ပြည်သူကို ဗဟိုပြုပြီး နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးအတွက် ဥပဒေပြုခြင်း၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရာတွင် ခေတ်ကာလနှင့် မလျော်ညီသောဥပဒေများကို ပြင်ဆင်ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများနှင့် အသစ်ပြဋ္ဌာန်းသင့်သောဥပဒေများကို ပွင့်လင်းမြင်သာစွာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ လွှတ်တော်နှစ်နှစ်တာ ကာလအတွင်း အသစ်ပြဋ္ဌာန်းသည့်ဥပဒေ ၂၀ ခု၊ ပြင်ဆင်သည့် ဥပဒေ ၂၄ ခု၊ ရုပ်သိမ်းသည့်ဥပဒေ ခြောက်ခု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ရှေ့ဆက်၍လည်း ပြည်သူအကျိုးပြုဥပဒေများကို ရဲဝံ့ပြတ်သားစွာ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ သို့မှသာ ပြည်သူများဟာ ဥပဒေရဲ့ အကာအကွယ်ကို တန်းတူရရှိစေပြီး မိမိတို့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့ကိုယ်စားလှယ်များပီပီ ပြည်သူက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ပြည်သူ့အကျိုးအတွက်သာ ရည်ရွယ်ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း “အစိုးရအဖွဲ့၊ တရားစီရင်ရေးကဏ္ဍတွေနဲ့ လွှတ်တော် အပြန်အလှန် ထိန်းကျောင်းပြီး ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ပိုမိုနားလည်လာတယ်လို့ ယူဆပါတယ်။ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပြီး အပြန်အလှန် ဆောင်ရွက်မှုတွေဟာ အရေးကြီးပါတယ်။ မဏ္ဍိုင်ကြီးသုံးရပ်ဟာ ပြိုင်ဘက်အသွင်မဟုတ်ဘဲ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးဖို့အတွက် လုပ်ဖော်ကိုင်ဖက်များဖြစ်တယ် ဆိုတာကို သဘောပေါက်ထားစေလိုပါတယ်။ လွှတ်တော်အနေနဲ့ ဥပဒေပြုရေးသာမက ပြည်ထောင်စုအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ဆက်လက်အားပေး ကူညီသွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနဲ့အညီ ဒီမိုကရေစီကျင့်စဉ်များ လေးစားလိုက်နာနိုင်ကြမှ ဥပဒေပြုရေး ပိုမိုခိုင်မာအားကောင်းလာမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ စိုးမင်းထိုက်

Most Read

Most Recent