မန္တလေးရေကြောင်း ကောင်းမွန်ရေးအတွက် စစ်ကိုင်း-မင်းကွန်း ရေလမ်းဧရိယာတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကမ်းထိန်းနံရံများ လုပ်ဆောင်မည်

မန္တလေးရေကြောင်း ကောင်းမွန်ရေးအတွက် စစ်ကိုင်း-မင်းကွန်း ရေလမ်းဧရိယာတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကမ်းထိန်းနံရံများ လုပ်ဆောင်မည်
Published 2 February 2018

မန္တလေး - မင်းကွန်းရေလမ်းတွင် ရေယာဉ်များ သွားလာနေစဉ်

ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်းမှ စီမံကိန်းလုပ်ငန်းစဉ် ၃ တွင် ပါဝင်သော ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအဖြစ် ကနဦး မန္တလေးရေကြောင်း ကောင်းမွန်ရေးအတွက် စစ်ကိုင်း-မင်းကွန်း ရေလမ်းဧရိယာအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအဖြစ် ကမ်းထိန်းနံရံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရေလမ်းကြောင်းကောင်းမွန်ရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရွေးချယ်ထားသည့် နည်းပညာ ဒီဇိုင်းနှင့် စီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှု တွေ့ရှိချက်များအား လူထုတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ရေကြောင်းပြုပြင်ရေးအဖြစ် ကမ်းပြိုကာကွယ်ရေးနေရာနှစ်ခုနှင့် ရေဝင်ပေါက်ပိတ်ဆို့ရန် မြစ်ကြမ်းပြင် ကွန်ကရစ်ဆူးချထား ဆောင်ရွက်ခြင်း၊ သောင်တူးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

“မန္တလေး ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းက အထက်ဘက်မင်းကွန်းကနေ အောက်ဘက် စစ်ကိုင်းအထိ မန္တလေးရေလမ်းကြောင်းတောက်လျှောက် ဖွံ့ဖြိုးဖို့အတွက် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ဆောင်ရွက်မှာဖြစ်တယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ အင်ဂျင်နီယာ လုပ်ငန်းတွေကို Royal Haskoning ကုမ္ပဏီကနေ လေ့လာပေးတယ်။ အသေးစိတ်ပုံစံတွေနဲ့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေအရ ရေကြောင်းကောင်းမွန်ရေးအတွက်က လက်ရှိရေမွှာပေါက်တွေကို ရေမဝင်အောင် လုပ်ရမယ်။ လုပ်ရမယ့် စီမံကိန်းအနေနဲ့ နှစ်ခုရှိတယ်။ ပထမအဆင့်က ကမ်းထိန်းနံရံတွေကို တည်ဆောက်ရမယ်။ နောက်တစ်ခုက ကွန်ကရစ် ဆူးချခြင်းတွေ လုပ်ရမှာဖြစ်တယ်။ ကမ်းထိန်းနံရံ တည်ဆောက်ရေးတွေကို အခုဖေဖော်ဝါရီလထဲမှာ စတင်ဖို့ လျာထားတယ်” ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းစဉ် (၃) ဒါရိုက်တာ ဦးအောင်မျိုးခိုင်က ပြောကြားသည်။

ရေလမ်းကောင်းမွန်ရန် ကမ်းပြိုကာကွယ်ရေး ကမ်းထိန်းနံရံတည်ဆောက်ရေးအဖြစ် စစ်ကိုင်းနှင့် မင်းကွန်းကြားရှိ ကျွန်းဆင်ရေပေါက်၊ ညောင်ပင်သာ ရေပေါက်များအနီးတွင် ကမ်းထိန်းနံရံများ တည်ဆောက်သွားမည်ဖြစ်ကာ ကွန်ကရစ်ဆူးချခြင်းများအား ရေမွှာပေါက်များဖြစ်သော ခိုတောင်ရေပေါက်၊ ညောင်ပင်သာရေပေါက်နှင့် ကျွန်းဆင်ရေပေါက်များတွင် ချထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်နှစ်ခုအနက် ကမ်းထိန်းနံရံ တည်ဆောက်ခြင်းအား စတင်ဆောင်ရွက်သွားမည်ဖြစ်ကာ ကွန်ကရစ်ဆူးချခြင်းများ ဆောင်ရွက်ခြင်းမှာ အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent