ချောင်းသာကျေးရွာတွင် လင်မယားချင်း စကားများရာမှ အပြန်အလှန် ရဲတင်းဖြင့် ခုတ်မိကြပြီး နှစ်ဦးစလုံး သေဆုံး

ချောင်းသာကျေးရွာတွင် လင်မယားချင်း စကားများရာမှ အပြန်အလှန် ရဲတင်းဖြင့် ခုတ်မိကြပြီး နှစ်ဦးစလုံး သေဆုံး
Published 2 February 2018

ပုသိမ်မြို့နယ် ချောင်းသာကျေးရွာအုပ်စု ကန်စွန်းချောင်းကျေးရွာတွင် ဇန်နဝါရီ ၃၁ ရက် ည ၁၀ နာရီခန့်က လင်မယားအချင်းချင်း စကားများရာမှတစ်ဆင့် အပြန်အလှန် ရဲတင်းဖြင့် ခုတ်မိကြပြီး နှစ်ဦးစလုံး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ချောင်းသာကျေးရွာ အပိုင်း(၂)နေ ဦးအေးမင်းဝင်း (ဘ) ဦးသန်းဝင်းမှာ ၎င်းနေအိမ်အနီးရှိ မိတ်ဆွေတစ်ဦး၏နေအိမ်တွင် တီဗွီထိုင်ကြည့်နေစဉ် တစ်ရပ်ကွက်တည်းနေ မပြည့်ပြည့်ဆိုသူ ရောက်ရှိလာပြီး ကန်ဇွန်းချောင်းကျေးရွာတွင် နေထိုင်သော ဦးအေးမင်းဝင်း၏ ဖခင်နှင့် မိထွေးဖြစ်သူမှာ လင်မယားချင်း ရန်ဖြစ်ပြီးနောက် နှစ်ဦးစလုံး သေဆုံးကြောင်း လာရောက်ပြောဆိုမှုကြောင့် ဦးအေးမင်းဝင်းမှာ ဆွေမျိုးများနှင့် တာဝန်ရှိသူများအား အကြောင်းကြားကာ ဖခင်နှင့် မိထွေးဖြစ်သူ နေထိုင်နေသည့် ကန်ဇွန်းချောင်းကျေးရွာရှိ နေအိမ်သို့ သွားရောက်ခဲ့သည်။ ဦးအေးမင်း ဝင်းရောက်ရှိချိန်တွင် ၎င်း၏ ဖခင်ဖြစ်သူ ဦးသန်းဝင်း အသက်(၄၆ နှစ်)(ဘ) ဦးမှန်ရောင်မှာ ဝဲချိုစောင်းအောက် ဖူးရောင်ဒဏ်ရာတစ်ချက်၊ ယာမျက်လုံးအောက်ဖူးရောင် ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး မိထွေးဖြစ်သူ ဒေါ်ဝင်းမာ (၃၇ နှစ်)(ဘ) ဦးသိန်းဝင်းမှာလည်း ဦးခေါင်းနောက်စေ့တွင် ကွဲပြဲဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိသောကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများထံ စုံစမ်းမေးမြန်းရာတွင် လင်မယားအချင်းချင်း ရန်ဖြစ်စကားများရာမှ တစ်ဆင့် တဲအတွင်းတွင် အသင့်ရှိနေသော ရဲတင်းဖြင့် အချင်းချင်း အပြန်အလှန် ခုတ်မိရာမှတစ်ဆင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရ၍ ချောင်းသာနယ်မြေရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ချောင်းသာနယ်မြေ ရဲစခန်းမှ(ပ)၂၂/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent