ဝန်ကြီးများပါဝင်သည့် အာဏာစက်ရှိသော စက်မှုဇုန်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ဂိုဒေါင်များ၊ မြေလွတ်များနှင့် ဈေးကစားမှုများ ပြည့်နေသည့် စက်မှုဇုန်များကို အသေအချာစီမံခန့်ခွဲရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် အသိပေး

ဝန်ကြီးများပါဝင်သည့် အာဏာစက်ရှိသော စက်မှုဇုန်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ဂိုဒေါင်များ၊ မြေလွတ်များနှင့် ဈေးကစားမှုများ ပြည့်နေသည့် စက်မှုဇုန်များကို အသေအချာစီမံခန့်ခွဲရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် အသိပေး
Published 2 February 2018

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များအလိုက် ဖွဲ့စည်းပေးထားသည့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများမှာ အာဏာစက်မရှိသဖြင့် ဝန်ကြီးများပါဝင်သော စက်မှုဇုန်ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းထားပြီး လက်ရှိ စက်မှုဇုန်များတွင် ဂိုဒေါင်များ၊ မြေလွတ်များနှင့် ဈေးကစားမှုများ ပြည့်နေသည့် စက်မှုဇုန်များကို ဇုန်တာဝန်ရှိသူများအနေဖြင့် အသေအချာစီမံခန့်ခွဲနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁ ရက်တွင် အသိပေးပြောကြားသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန် ၂၁ ခုရှိနေကာ ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် ၂၉ ခုအထိရှိနေသည်။

စက်မှုဇုန်ဖော်ထုတ်ပြီးသည့် မြေကွက်များအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ၃၇၀၇၆ ရှိသော်လည်း လုပ်ငန်းမဆောင်ရွက်သည့် မြေကွက်လွတ်မှာ ၇၁၉၄ ကွက်အထိရှိနေကြောင်း စက်မှုလုပ်ငန်းမူဝါဒတွင် ဖော်ပြထားမှုအရ သိရသည်။ ထိုသို့ လုပ်ငန်းမဆောင်ရွက်သည့် မြေကွက်လွတ် ၇၀၀၀ ကျော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စက်မှုဇုန်များမှာ ယခင်အစိုးရလက်ထက်က ၂၀၁၄ နိုဝင်ဘာတွင် လုံးဝမလုပ်သည့် စက်မှုဇုန်မြေကွက်ကို စာရင်းကောက်ယူခဲ့ရာ ဧကပေါင်း ၄၄၁၈ ဧက၊ အကွက်အားဖြင့် ၂၃၃၉ ကွက်ရှိကာ ယင်းအထဲတွင် ဂိုဒေါင် ၁၂၉၉ လုံးပါဝင်ကြောင်းနှင့် ယခင်အစိုးရလက်ထက် က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ဆုံးထား၍ လုပ်ကိုင်ခြင်းမရှိပါက သိမ်းယူမည်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

“စက်မှုဇုန်တွေထဲမှာ ဂိုဒေါင်တွေပဲလုပ်နေတာ။ စက်မှုဇုန်တွေထဲမှာ ကွက်လပ်တွေပဲ လုပ်နေတာ။ စက်မှုဇုန်တွေထဲမှာ မြေကိုပဲ ကစားနေတာဆိုတဲ့ အခြေအနေတွေကတော့ လက်ရှိစက်မှုဇုန်ကို စီမံခန့်ခွဲနေတဲ့လူတွေ ဘက်ကနေ သေသေချာချာ စီမံဆောင်ရွက်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ စက်မှုဇုန်ဟာ နိုင်ငံရဲ့ ဝင်ငွေရရှိရေးအတွက် အရေးကြီးတဲ့နေရာမှာ ရှိပါတယ်။ စက်မှုဇုန်ကို ယခင်ကဖွဲ့စည်းထားတဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးဟာ ဒီစက်မှုဇုန်ရဲ့ လုပ်ငန်းရှင်တွေကို စုဖွဲ့ထားတဲ့ အဖွဲ့အစည်း လေးတစ်ခုသာ ဖြစ်ပါတယ်။ အာဏာစက်မရှိပါဘူး။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်မှုဇုန်အဆင့်မြှင့်တင်ရေးအတွက် စက်မှုဇုန်ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ တစ်ဖွဲ့ကို ဝန်ကြီးတွေပါဝင်တဲ့၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများပါဝင်တဲ့ ပေါင်းကူးအဖွဲ့တစ်ရပ် ဖွဲ့စည်းထားပြီး လေ့လာဆန်းစစ်မှု ပြုလုပ်ရာမှာလည်း အဆင့်တစ်ခုကို ရောက်နေပြီ ဖြစ်ပါတယ်။ လှိုင်သာယာကို ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။ တောင်ဒဂုံမှာရှိနေတဲ့ စက်မှုဇုန်သုံးခုစလုံးကိုလည်း ပေါင်းစည်းဖို့ လေ့လာမှုတွေ လုပ်နေပြီဖြစ်ပါတယ်။ ဒီအတွက်စက်မှု ဇုန်တွေအားလုံးကို ကြီးကြပ်ကွပ်ကဲဖို့အတွက် အာဏာစက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုကနေ ကြီးကြပ်ကွပ်ကဲမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိအစိုးရလက်ထက်တွင်လည်း စက်မှုဇုန်မြေကွက်လွတ်များ ခြောက်လအတွင်း အကောင်အထည်မဖော်ပါက ယခင်အစိုးရ ထုတ်ပြန်ခဲ့သည့် အမိန့်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ၂၀၁၆ ခုနှစ် မေ ၂၆ ရက်တွင် ပြောကြားခဲ့သော် ခြောက်လပြည့်ချိန်တွင် အရေးယူနိုင်ခဲ့ခြင်း မရှိချေ။

Most Read

Most Recent