ရှေးဟောင်းအမွေအနှစ် စာရင်းဝင် မော်လမြိုင် ယုဒသန်ဘုရားကျောင်းကို နှစ်ဆင့်အထိ ပြုပြင်လုပ်ဆောင်နိုင်ပြီး ကျန်တတိယအဆင့်အတွက် ပြုပြင်ထိန်းသိမ်းစရိတ် လိုအပ်ဟု သိရ

ရှေးဟောင်းအမွေအနှစ် စာရင်းဝင် မော်လမြိုင် ယုဒသန်ဘုရားကျောင်းကို နှစ်ဆင့်အထိ ပြုပြင်လုပ်ဆောင်နိုင်ပြီး ကျန်တတိယအဆင့်အတွက် ပြုပြင်ထိန်းသိမ်းစရိတ် လိုအပ်ဟု သိရ
Published 2 February 2018

ဘုရားကျောင်းအမိုး ဖုန်စုပ်လုပ်ငန်း ဆောင်ရွက်စဉ်

ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မော်လမြိုင် ပထမနှစ်ခြင်းအသင်းတော် ယုဒသန်ဘုရားကျောင်းကို အမေရိကန်သံအမတ် ရန်ပုံငွေ ဒေါ်လာ ၂၂၅၀၀၀ နှင့် ပထမအဆင့် ဘုရားကျောင်း၏ အနောက်ဆောင်အတွင်းပြင်၊ ဒုတိယအဆင့် ကင်ဆာအန္တရာယ်ရှိ ကျောက်ဂွန်းအမိုးကျောက်ပြား လဲလှယ် တပ်ဆင်ခြင်းတို့ကို ဖေဖော်ဝါရီလအတွင်းအပြီး ဆောင်ရွက်၍ တတိယအဆင့် ဘုရားကျောင်း ဘေးပတ်လည် ပြုပြင်ထိန်းသိမ်းမှုအတွက် လိုအပ်ငွေကို တွက်ချက်၍ ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းထိန်းသိမ်းမှုပညာရှင် Jefferey Allen (Program Director) က ဇန်နဝါရီ ၃၁ရက် ညနေပိုင်း မော်လမြိုင်ဘုရားကျောင်းရှိရာတွင် ပြုလုပ်သော အဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်း၊ လုပ်ငန်းစွမ်းရည် မြှင့်တင်ခြင်းတို့ကို မီဒီယာတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းရှင်းလင်းပွဲတွင် ဘုရားကျောင်းဆရာကြီး ဦးကြည်ရှိန်က အမေရိကန်သံရုံးမှ သံအမတ်ကြီး၊ ပညာရှင်များ၏ ကွင်းဆင်းလေ့လာ ဆန်းစစ်မှုကြောင့် သက်တမ်း နှစ် ၁၉၀ ရှိ သာသနာပြုဆရာကြီး ယုဒသန်တည်ထောင်ခဲ့သော ကျောင်းတော်သည် ရှေးဟောင်းသမိုင်းဝင်အဖြစ် သတ်မှတ်ခံရပြီး သံအမတ်ကြီးများ ရန်ပုံငွေဒေါ်လာ ၁၂၅၀၀၀၊ ဒုတိယခွင့်ပြုငွေ ဒေါ်လာ တစ်သိန်းနှင့် ပညာရှင်၏ပြင်ဆင်မှုနှင့် ငွေကြေးတို့ကို စွက်ဖက်သုံးစွဲခြင်း မရှိဘဲ လိုအပ်သော ပံ့ပိုးကူညီမှုကိုသာ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။ ပြင်ဆင်မှု တာဝန်ခံ Jefferey Allen (Program Director) က ပထမပြင်ဆင်မှု၊ ဒုတိယပြင်ဆင်မှုတို့ကို ပြောကြားပြီး အမိုးကျောက်ပြားတွင် ကင်ဆာဖြစ်စေသည့် ကျောက်ဂွမ်းပါဝင်မှုနှင့် သြစတြေးလျပညာရှင်၏ အစီအစဉ်ဖြင့် မော်လမြိုင်ဟတ်မော် မိသားစုဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်းဖြင့် အန္တရာယ်ကင်းဝတ်စုံသုံး၍ လုပ်ကိုင်မှု၊ အမိုးကျောက်ပြားထိန်းသိမ်း စွန့်ပစ်မှုတို့ကို ရှင်းပြ၍ ဒေါ်ဝတ်ရည်ခိုင် (တာဝန်ခံဟတ်မော်မိသားစုဆောက်လုပ်ရေးကုမ္ပဏီ)က ကျပ်သိန်း ၁၂၁၉ ဖြင့် အမိုးပိုင်းကို တာဝန်ယူ လုပ်ကိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများကို ဆေးစစ်ထားမှု အပါအဝင် သန့်ရှင်းမှုနည်းစဉ်အတိုင်း လုပ်ဆောင်မှုကို ပြောကြားသည်။

ပြည်ပပညာရှင်များ၏ အကြံဉာဏ်၊ နည်းပညာ၊ လုပ်ငန်းစဉ်တို့ဖြင့် ကင်ဆာအန္တရာယ်ရှိ အမိုးကျောက်ပြား (ကျောက်ဂွန်း)တို့ကို ဖယ်ရှားခြင်း၊ ထုပ်ပိုးခြင်း၊ မြေမြှုပ်ခြင်း၊ အမှုန့်များကင်းစင်ရန် အားကောင်းသော ဖုန်စုပ်စက်ဖြင့် သန့်ရှင်းခြင်းတို့ကို လုပ်ဆောင်ခြင်းသည် ပြည်တွင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ မောင်မောင်ရွှေမြိုင်

Most Read

Most Recent