မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်သည်ဟု သံသယရှိသူ လေးဦးအား ရန်ကုန်တိုင်းဒေသကြီး မြို့နယ်နှစ်ခုတွင် ဖမ်းဆီးစစ်ဆေးနေ

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်သည်ဟု သံသယရှိသူ လေးဦးအား ရန်ကုန်တိုင်းဒေသကြီး မြို့နယ်နှစ်ခုတွင် ဖမ်းဆီးစစ်ဆေးနေ
Published 1 February 2018

Photo: Ministry of Home Affairs, Myanmar

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်သည်ဟု သံသယရှိသူ လေးဦးအား ရန်ကုန်တိုင်းဒေသကြီး မြို့နယ်နှစ်ခုတွင် ဖမ်းဆီးရမိကြောင်းနှင့် ၎င်းတို့အား စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် မြောက်ဦး- စစ်တွေကားလမ်းပေါ်ရှိ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းအကြား သရက်ချိုကျေးရွာအနီးတွင် လုပ်ကြံ သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်သွားသည်ဟု သံသယရှိသူများကို ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၆)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်း စူရတီစန္ဒီဗလီရှေ့တွင် Hilux Surf စီးနင်းလာသူ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာနေ မင်းသန်းဌေး (၂၀ နှစ်) အား သတင်းအရ စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

၎င်း၏ ထွက်ဆိုချက်များအရ သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာ ကွက်သစ် (၃) ရှိ မေတ္တာဂုဏ်ရည် သီလရှင်ကျောင်းတွင်နေထိုင်နေသည့် ၎င်းနှင့် ဆွေမျိုးတော်စပ်သည့် လူသတ်မှုမှ သံသယရှိသူ ကျော်မြင့်၊ ၎င်း၏ ဇနီး ကြည်ကြည်ဝင်းနှင့် အမျိုးသမီးတစ်ဦး (စိစစ်ဆဲ) တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မယ်သီလရှင်ကျောင်းတွင်းရှိနေသည့် သံသယရှိသူများအား ဝင်ရောက်ဖမ်းဆီးခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား အများအပြားနှင့်အတူ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများလည်း ပါဝင်ဖမ်းဆီးခဲ့ရပြီး ၎င်းတို့အား လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

သံသယရှိသူများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် Hilux Surf အမျိုးအစားယာဉ်အား သိမ်းဆည်းထားကြောင်း သိရသည်။

Photo: Ministry of Home Affairs, Myanmar

ထို့ပြင် ရခိုင်ပြည်နယ်တွင်လည်း မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

"ကျွန်တော်တို့ရွာဘက်က လေးငါးယောက်ကို ပြည်နယ်ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းနေတယ်။ တစ်ယောက်ချင်းစီမေး နေပါတယ်။ အတင်းအဓမ္မမေးတာမျိုးတော့မဟုတ်ဘူး။ ဘယ်လိုမြင်မိတာရှိလဲ၊ ဘာတွေသိထားလဲ လောက်သာမေးတာပါ။ ကျွန်တော်တို့ကလည်းဖြစ်ပြီးမှ ကားနဲ့လူကိုတွေ့တာပါလို့ဖြေခဲ့တယ်။ သာမန် မေးရုံမေးတာပါ၊ ကျွန်တော်တို့သိထားတာလောက်ကိုမေးတာပါ"ဟု ယိုးငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းရွှေက ပြောကြားသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋ္ဋိပက္ခဖြစ်စဉ်ပြီးနောက် သုံးရက်အကြာ ဇန်နဝါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့ခံထားရပြီးနောက် ယင်းကဲ့သို့ လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋ္ဋိပက္ခဖြစ်စဉ်ဖြစ်ပွားချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ရာ ယခုကဲ့သိုလုပ်ကြံခံခဲ့ရမှုမှာ မြောက်ဦးအရေးနှင့်ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေခဲ့သည်။

ဦးဘိုဘိုမင်းသိုက်နှင့်အတူ အခင်းမဖြစ်မီ ယာဉ်ပေါ်တွင် အမျိုးသား သုံး ဦးလည်းအတူပါရှိခဲ့သည်ဟုသိရပြီး လုပ်ကြံပြီးချိန်တွင် ယင်းတို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့လိုက်ပါလာသောယာဉ်ကို ပတ်ဝန်းကျင်မှ တွေ့ရှိသောအချိန်တွင် တိမ်းမှောက်နေကြောင်း သိရသော်လည်း ဦးဘိုဘိုမင်းသိုက်မှာ ထိုးသွင်းဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးဘိုဘိုမင်းသိုက် လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်မှာ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ မှုခင်းဖြစ်စဉ်အပေါ် စစ်ဆေးချက်များရယူအပြီး ပြန်သွားချိန်တွင် ည ၈ နာရီခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သော မြောက်ဦးပဋ္ဋိပက္ခဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒေသခံ ခုနစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်မှ သီးခြားစုံစမ်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၂၉ ရက်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ ယင်းကဲ့သို့ ပြည်နယ်လွှတ်တော်မှ မြောက်ဦးဖြစ်စဉ်စုံစမ်းရေးအဖွဲ့ကို အတည်ပြုဖွဲ့စည်းပြီး တစ်ရက်အကြာတွင် မြောက်ဦးပဋ္ဋိပက္ခဖြစ်ပွားစဉ်အတွင်း မြောက်ဦးအုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့သူ ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံခဲ့ရခြင်းမှာ လူအများအကြား စိတ်ဝင်စားမှုမြင့်တက်လာစေခဲ့သည်။

Most Read

Most Recent