Jude Jude Family ကုမ္ပဏီမှာ Thit Myat public Holding ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိဟုဆို

Jude Jude Family ကုမ္ပဏီမှာ Thit Myat public Holding ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိဟုဆို
Published 1 February 2018

လတ်တလောတွင် ငွေကြေးအရှုပ်အရှင်း ပြသာနာများဖြစ်ပွားလျက်ရှိသည့် Jude Jude ကုမ္ပဏီနှင့် Thit Myat public Holding ကုမ္ပဏီမှာ သက်ဆိုင်ခြင်းမရှိကြောင်း Thit Myat public Holding ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကုမ္ပဏီချင်းမတူပါဘူး။ Jude Jude ကုမ္ပဏီမှာပါဝင်တဲ့ မသက်သက်မြိုင်က Thit Myat public Holding ကုမ္ပဏီမှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရှိပါတယ်။ အခုကိစ္စတွေဖြစ်လာတော့ သူ့ကိုဒါရိုက်တာအစည်းအဝေးကနေ ထုတ်ပယ်ဖို့ စီစဉ်နေပါတယ်” ဟု Thit Myat public Holding ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Thit Myat public Holding ကုမ္ပဏီမှာ လက်ရှိတွင် ဒါရိုက်တာခြောက်ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီမှ လုပ်ဆောင်ချက်များမှာ Jude Jude Family ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း အဆိုပါတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

Jude Jude Family ကုမ္ပဏီမှာ လက်ရှိတွင် ကျပ်သိန်းပေါင်း သောင်းနှင့်ချီလိမ်လည်ခဲ့သည်ဟုဆိုကာ အစုရှယ်ယာရှင်များနှင့် ပိုင်ရှင်ဖြစ်သည့် ဒေါ်သက်သက်မြိုင်အကြား အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိကြောင်း Jude Jude Family ကုမ္ပဏီတွင် ရှယ်ယာဝင်ထားပြီး ငွေကြေးပြန်လည်မရရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

ရှယ်ယာရှင်များ၏ ငွေကြေးများနှင့်ပတ်သက်ပြီး ခြောက်လပိုင်းတွင် ငွေကြေးများ ပြန်ပေးမည်ဖြစ်ကြောင်း အမှုဖွင့်ထားသူများကိုလည်း တရားဥပဒေအရ ပြန်လည်ရင်ဆိုင်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်က ဖိုးစိန်လမ်းရှိ Holiday စားသောက်ဆိုင်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်သက်သက်မြိုင်က ပြောကြားထားသည်။

လက်ရှိတွင် အဆိုပါငွေကြေးကိစ္စများနှင့်ပတ်သက်ပြီး အမှုအခင်းများဖြစ်ပွားလျက်ရှိကြောင်းသိရပြီး Jude Jude Family ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးမှာ ဖမ်းဆီးခံထားရကြောင်း သိရသည်။

Most Read

Most Recent