နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ဆရာတော်ဦးပါမောက္ခ၏ အမှုနှင့်ပတ်သက်၍ စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေး

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ဆရာတော်ဦးပါမောက္ခ၏ အမှုနှင့်ပတ်သက်၍ စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေး
Published 1 February 2018

ဆရာတော်ဦးပါမောက္ခအား ဇန်နဝါရီ ၃၁ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုနှင့်ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသော ဆရာတော်ဦးပါမောက္ခအား ဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်တရားရုံး၌ ၁၀ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ရုံးချိန်းတွင် ဆရာတော်ဦးပါမောက္ခအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေးခဲ့ပြီး ရုံးချိန်းကို ဖေဖော်ဝါရီ ၇ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

“တရားလိုပြသက်သေတွေ စစ်ဆေးပြီးသွားပြီဆိုတော့ စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက်တင်ပါတယ်။ လာမယ့်ရုံးချိန်းကျရင်တော့ ဒီအပေါ်မှာ အမိန့်တစ်ရပ်ချပါလိမ့်မယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မိုးမိုးအေးက မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားသည်။

ဆရာတော်ဦးပါမောက္ခ၏ ရှေ့နေများက လျှောက်လဲချက်ပေးရာတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲဆိုသည့် ဦးတိုက်လျှောက်လွှာပေါ်မှ တရားလို၏လက်ရေး၊ လက်မှတ်မမှန်မကန်ဖြစ်ခြင်းအကြောင်းအရာများ၊ သက်သေများ၏ ထွက်ချက်များအရ အခင်းဖြစ်နေ့က ဆရာတော်ဘက်မှ အားသာချက်ရှိမည့် အကြောင်းအရာများ စသည်တို့ကိုလျှောက်လဲချက် ရေးသားတင်ပြခဲ့ကြောင်း သိရသည်။

ဆရာတော်ဦးပါမောက္ခအား ပထမအကြိမ်ရုံးထုတ်ပြီး တရားလိုဦးသန်းထွန်းအောင်ကို စစ်ဆေးစဉ်က တရားလိုဦးသန်းထွန်းအောင်က ဦးတိုက်လျှောက်ထားလွှာပေါ်မှ ၎င်းလက်မှတ်မဟုတ်ကြောင်း ထွက်ဆိုခဲ့ကြောင်း၊ ထို့သို့ လက်မှတ်မမှန်မကန်ကိုသုံး၍ တရားရုံးမှစီစဉ်ပါက မှန်ကန်မှုမရှိသည့်အတွက် ဦးတိုက်လျှောက်ထားလွှာကို ပိတ်ပေးပြီး ဆရာတော်အားလွှတ်ပေးရန် ဆရာတော်၏ရှေ့နေဘက်မှ လျှောက်လဲတင်ပြခဲ့ကြောင်း သိရသည်။

ယင်းလျှောက်လဲချက်ကို တရားရုံးမှ ကြားဖြတ်အမိန့်ချမှတ်ရာတွင် တရားရုံးဦးတိုက်လျှောက်ထားလွှာမှ တရားလိုလက်မှတ်မမှန်သော်လည်း ဦးတိုက်လျှောက်ထားလွှာ၏ နောက်တွင်ပါသည့် နောက်ဆက်တွဲ (က) တွင်ဖော်ပြသည့် လက်မှတ်မှာ တရားလိုလက်မှတ် မှန်ကန်နေခြင်းအပါအဝင် အချက်သုံးချက်ဖြင့် ဆရာတော်ဘက်မှ အမှုရုပ်သိမ်းပေးရန် လျှောက်ထားမှုကိုပယ်ချခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်က ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမေရိကန်သံရုံးရှေ့၌ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ဆန္ဒပြမှုနှင့်ပတ်သက်၍ မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်၊ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုတွင် ပုဒ်မ ၁၉ အပေါ်ဝန်ခံသဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ပြစ်ဒဏ်ရက်ပြည့်ခဲ့သောကြောင့် လက်ရှိတွင် ဆရာတော်အား အချုပ်ဖြင့် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent