w မကြာမီ NCA လက်မှတ်ထိုးမည့် မွန်ပြည်သစ်ပါတီမှ အကျဉ်းကျခံနေရသူငါးဦးအား ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) က စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြု - Eleven Media Group <

မကြာမီ NCA လက်မှတ်ထိုးမည့် မွန်ပြည်သစ်ပါတီမှ အကျဉ်းကျခံနေရသူငါးဦးအား ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) က စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

မွန်ပြည်သစ်ပါတီမှ အကျဉ်းကျခံနေရသူငါးဦး ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) မှ လွတ်မြောက်လာစဉ်

အကျဉ်းကျခံနေရသည့် မွန်ပြည်သစ်ပါတီမှ ငါးဦးအား ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) မှ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်မှ ဇန်န၀ါရီ ၃၁ ရက် နံနက် ၈ နာရီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြသည့်သူများမှာ နိုင်တင်လှ (ခ) နိုင်သိန်းလှ (၆၆)နှစ် (ဘ) ဦးအောင်စိန်၊ အာနိုး (၂၉) နှစ် (ဘ) ဦးမောင်စိန်၊ အဆောင်း (၄၀) နှစ် (ဘ) ဦးဟလယ်၊ ဗညားဌေး (ခ) အောင်ဌေး (၄၇)နှစ် (ဘ) ဦးအောင်ခင်နှင့် ဘိုင်ကလိုင် (ခ) နိုင်လင်း (ခ) ဘိန်ကလိန် (၅၁) နှစ် (ဘ) ဦးသန်းမောင်တို့ဖြစ်ကြောင်း၊ ၎င်းတို့ငါးဦးအား ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) မှ ပြည်နယ်အကျဉ်းဦးစီးဌာနမှူး ဦးလင်းဗိုလ်နောင်က ပြောကြားသည်။

“မနေ့ညက ညွှန်ကြားချက်ရောက်တယ်။ နိုင်ငံတော်သမ္မတက ညွှန်ကြားချက်နဲ့လွှတ်တာပါ။ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တာပါ။ မနက်ဖြန်ဆိုရင် မွန်အမျိုးသားနေ့ရောက်ပြီဆိုတော့ သူတို့တွေလည်း ပျော်နေကြတယ်” ဟု ဦးလင်းဗိုလ်နောင်က ပြောကြားသည်။

၎င်းတို့အနက် နိုင်တင်လှမှာ ပုဒ်မ ၁၇ (၁) ဖြင့် ထောင်နှစ်နှစ်ခြောက်လနှင့် ဘိုင်ကလိုင်မှာ ပုဒ်မ ၁၇ (၂) ဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် ခုနစ်လကျခံရပြီးကျန်သုံးဦးမှာ ပုဒ်မ ၁၉ (စ) လက်နက်ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်ခြောက်လစီ ကျခံနေရသူများဖြစ်ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနထံမှ သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်သူငါးဦးအနက် နှစ်ဦးဖြစ်သူ နိုင်တင်လှ (ခ) နိုင်သိန်းလှနှင့် ဘိုင်ကလိုင်တို့မှာ မွန်ပြည်သစ်ပါတီမှ မော်လမြိုင်မြို့နယ် ကော်မတီဝင်များဖြစ်ကြပြီး အာနိုး၊ အဆောင်း၊ ဗညာဌေးတို့သုံးဦးမှာ အဖွဲ့ဝင်များဖြစ်ကြကြောင်း၊ ၎င်းတို့မှာ လွန်ခဲ့သောငါးလ၀န်းကျင်ခန့်က မတရားအသင်းဖြင့် အကျဉ်းကျခံရခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ နိုင်ကြည်စန်းက ပြောကြားသည်။

“မကြာခင် NCA လက်မှတ်ထိုးတော့မယ်ဆိုတော့ ဒါကြောင့်လွှတ်ပေးတယ်လို့ထင်တယ်။ မတရားအသင်းကနေ ဖယ်ပျက်တော့မယ်ဆိုတော့ သူပြန်လွှတ်ပေးတဲ့သဘောပါ။ ကျွန်တော်တို့ မွန်ပြည်သစ်အဖွဲ့က မတရားအသင်းနဲ့ ထောင်ကျတဲ့သူ နောက်ထပ်မရှိတော့ပါဘူး။ ဒီငါးယောက်ပဲရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဇန်န၀ါရီ ၂၃ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံပြီးနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အပြင် မွန်ပြည်သစ်ပါတီအနေဖြင့် ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း NCA စာချုပ်၌ လက်မှတ်ရေးထိုးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

January 31, 2018














Copy Protected by Chetan's WP-Copyprotect.