မန္တလေးတိုင်းဒေသကြီးအတွင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင် အလုပ်သမားများ တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီးအတွင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင် အလုပ်သမားများ တွေ့ဆုံဆွေးနွေး
Published 1 February 2018

မန္တလေးတိုင်းဒေသကြီးအတွင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် အလုပ်ရှင် အလုပ်သမားများ တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ကနောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင် အလုပ်သမားအဖွဲ့အစည်းများ အလုပ်သမားများနှင့်တွေ့ဆုံပွဲမှာ အနည်းဆုံးလုပ်ခလစာနှင့်ပတ်သက်၍ အဆိုပြုလိုသည့်လုပ်ငန်းရှင်များ၊ ကန့်ကွက်လိုသည့် လုပ်ငန်းရှင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလုပ်သမားရေးရာနှင့် ပတ်သက်သည့်ဌာနများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ မန္တလေးမြို့မှ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်သမားများ၊ မန္တလေးစက်မှုဇုန်ရှိ အလုပ်သမားခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့ အလုပ်သမားအဖွဲ့အစည်းတွေ အလုပ်သမားတွေက အနည်းဆုံးလုပ်ခလစာကို ကျပ် ၅၆၀၀ ရရှိဖို့ တောင်းဆိုဆွေးနွေးထားတယ်။ အလုပ်ရှင်တွေဘက်ကတော့ ကျပ် ၄၈၀၀ သတ်မှတ်ပေးချင်တယ်။ ဒါကို အလုပ်သမားတွေဘက်က တစ်နေ့လုပ်ခလစာကို ကျပ် ၅၆၀၀ ရရှိဖို့ အဓိကတောင်းဆိုထားပါတယ်။ ကျွန်တော်တို့ အခုလို အလုပ်သမားတွေအတွက် ဆွေးနွေးပွဲတွေကို မကြာခဏပြုလုပ်တယ်။ ဒီလိုဆွေးနွေးပွဲတွေကို အဓိကတာဝန်ရှိတဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးဦးမျိုးသစ်က အလုပ်သမားနဲ့ပတ်သက်ပြီး တာဝန်ပေးခံထားရသလို ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတယ်။ အခုလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ဆွေးနွေးပွဲကို မတက်ရောက်လာတာကတော့ စိတ်မကောင်းပါဘူး။ တိုင်းဒေသကြီးအစိုးရဟာ ကျွန်တော်တို့အလုပ်သမားတွေအပေါ်မှာ အာရုံစိုက်မှုနည်းပါးသလို သူတို့အောက်ခြေဝန်ထမ်းတွေကိုလည်း စနစ်တကျမကိုင်တွယ်တတ်ဘူး။ ဒီကနေ့ ဆွေးနွေးပွဲကတော့ နောက်ဆုံးအဆင့် ဆွေးနွေးခြင်းဖြစ်ပါတယ်” ဟု ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်က ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲမှရရှိခဲ့သည့် ဆွေးနွေးချက်များအား အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားအဆင့်ကော်မတီထံသို့ ထပ်မံတင်ပြသွားမည်ဖြစ်ကာ အဆိုပါကော်မတီက သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခလစာနှုန်းထားကို အလုပ်သမားများက ကန့်ကွက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

Most Read

Most Recent