ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဝတလမ်းဆုံအနီးမှ ဘေလီတံတားထိပ်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အထိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား လှည့်လည်ပြသ

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဝတလမ်းဆုံအနီးမှ ဘေလီတံတားထိပ်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အထိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား လှည့်လည်ပြသ
Published 31 January 2018

ဓာတ်ပုံ - သီဟအောင်

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မဝတလမ်းဆုံမှ ဘေလီတံတားထိပ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အထိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား လှည့်လည်ပြသမှု ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် လှည့်လည်ပြသမှုအား ဇန်နဝါရီ ၃၁ ရက်၊ နံနက် ၇ နာရီခန့်မှ စတင်၍ ဒဂုံမြောက်မြို့နယ်၊ မဝတလမ်းဆုံအနီးရှိ မီးသတ်ဦးစီးဌာနရုံးမှ စတင်ကာ ပင်လုံလမ်းမှ တစ်ဆင့် ဘေလီတံတားထိပ်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အထိ ပြသခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - သီဟအောင်

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် လှည့်လည်ပြသရာလမ်း တစ်လျှောက်တွင် ကျောင်းသား ကျောင်းသူများ၊ ဆရာများ၊ ပြည်သူအများအပြား အားပေးခဲ့ကြပြီး ပင်လုံလမ်းတစ်လျှောက် လူများဖြင့် ပြည့်နေခဲ့ကြောင်း သိရသည်။

လမ်းတစ်လျှောက်ရှိ ကျောင်းသားကျောင်းသူများသည် နှင်းဆီပန်းပွင့်အဖြူများ၊ မြန်မာနိုင်ငံတော် အလံတိုင်ငယ်လေးများကို ကိုင်ဆောင်ကာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား ကြိုဆိုခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် လှည့်လည်ရာတွင် လသာ (၂) မှ ကျောင်းသူများ၏ ဘင်ခရာတီးဝိုင်း၊ ဆိုင်ကယ်ချစ်သူများ အသင်းမှ ဆိုင်ကယ်များဖြင့် ပူးပေါင်းပါဝင်ခြင်းများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - သီဟအောင်

“အခုလို ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ဒဂုံမြောက်မြို့နယ်အတွက် ထားရှိနိုင်တာဟာ ပြည်သူတွေကြောင့်ပါ” ဟု ဒဂုံမြောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘေလီတံတား ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ဘက်သို့ အဆင်းတွင် ထားရှိမည့် ဗိုလ်ချုပ်ဆောင်ဆန်းရုပ်ထုမှာ ဗိုလ်ချုပ်အင်္ဂလန်သို့ ရောက်ရှိချိန် အင်္ကျီအိတ်အတွင်း လက်ထဲထားသည့် ပုံစံဖြစ်ပြီး ရုပ်ထုအမြင့် ကိုးပေရှိကြောင်း သိရသည်။

ထို့ပြင် ကြေးရုပ်အား မြန်မာလူမှုဘ၀ တိုးတက်မြင့်မားရေး အသင်းပိုင်ကားဖြင့် သယ်ဆောင်ခဲ့ပြီး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တွင် အဆုံးသတ်ကာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား အဆိုပါနေရာ၌ ထားရှိထားမည် ဖြစ်ကြောင်း၊ လာမည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဘေလီတံတားအဆင်း၌ ကြေးရုပ်အား ထားရှိကာ ဖွင့်ပွဲကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

 

 

Most Read

Most Recent