အငှားယာဉ်များ စီးတီးတက္ကစီမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခြင်းမရှိပါက လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ အရေးယူမည်

အငှားယာဉ်များ စီးတီးတက္ကစီမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခြင်းမရှိပါက လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ အရေးယူမည်
Published 31 January 2018

YRTA ရုံးချုပ်တွင် CITY TAXI လာရောက်လုပ်ဆောင်နေသည့် အငှားယာဉ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များ စီးတီးတက္ကစီ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းကို သတ်မှတ်ကာလအတွင်း လာရောက်ဆောင်ရွက်ခြင်းမရှိပါက လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များအနေဖြင့် စီးတီးတက္ကစီယာဉ်များအဖြစ် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းတို့ကို တာမွေမြို့နယ် မာန်အောင်ရပ်ကွက် အမှတ် ၆၅ လေးထောင့်ကန်လမ်း ကျိုက္ကဆံစူပါဝမ်းအနီးရှိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရုံး၌ ဇန်နဝါရီ ၃၁ ရက်တွင် နောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

“စီးတီးတက္ကစီလုပ်ဖို့ မနက်ကတည်းကတော့ စောင့်နေတာ။ အခုရက်ပိုင်းလာလုပ်တဲ့ ကားတွေတော့များလာတယ်။ စီးတီးတက္ကစီလာလုပ်ရင် ယာဉ်မောင်းရဲ့အချက်အလက်၊ ကားနံပါတ်နဲ့ ယာဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပေးရမယ်လို့ သိရတယ်။ ပြီးတော့ စတေကာမှန်အမည်းတွေ ယာဉ်မှာမကပ်ရဘူး။ ခွာခိုင်းတယ်လို့ သိရတယ်” ဟု စီးတီးတက္ကစီ လာရောက်လုပ်ဆောင်သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ထိုသို့ ဆောင်ရွက်နိုင်မှုကို ဇန်နဝါရီ ၁ ရက်တွင်စတင်ကာ ဇန်နဝါရီ ၃၁ ရက်တွင် နောက်ဆုံးထား၍ ပြုလုပ်ကြရန် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများတွင် အကြိမ်ကြိမ်အသိပေး အကြောင်းကြားမှုများ ရှိခဲ့သော်လည်း အချို့ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းများမှာ လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရုံးသို့ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ဆောင်ရွက်ထားသည့် အငှားယာဉ် ၅၀၀၀၀ ကျော်နီးပါးရှိကြောင်း YRTA မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Most Read

Most Recent