ယာမြေသိမ်းဆည်းခံတောင်သူများက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်ရရှိရန် လာရောက်တောင်းဆိုခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့

ယာမြေသိမ်းဆည်းခံတောင်သူများက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်ရရှိရန် လာရောက်တောင်းဆိုခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့
Published 31 January 2018

ယာမြေသိမ်းဆည်းခံတောင်သူများ ဇန်နဝါရီ ၃၀ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိရန်အတွက် တောင်းဆိုနေစဉ်

မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေယာပြဿနာများ တောင်သူများ အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းခံနေရမှုများ အစရှိသည့် မြေယာပြဿနာများနှင့်ပတ်သက်၍ ယာမြေသိမ်းဆည်းခံတောင်သူများက ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိရန်အတွက် လာရောက်တောင်းဆိုခဲ့သော်လည်း တွေ့ဆုံဆွေးနွေးလိုသူများကို စာတင်ပြရန်သာ အကြောင်းပြန်ခဲ့ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေယာပြဿနာများနှင့် တောင်သူများ အမှုဖွင့်တရားစွဲဆိုခံနေရမှုများ၊ ဖမ်းဆီးထိန်းသိမ်းခံနေရမှုများအပါအဝင် မြေယာပြဿနာများနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ မြေယာစိစစ်ရေးအဖွဲ့များက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိရန်အတွက် ယာမြေသိမ်းဆည်းခံတောင်သူများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရှိဖို့အတွက် အကြိမ်ကြိမ်စာတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးပြပြီးတော့ တွေ့ဆုံခွင့်မရခဲ့ဘူး။ ဒီနေ့မှာလည်း ကျွန်တော်တို့ ယာမြေသိမ်းဆည်းခံတောင်သူတွေက သူတို့ရဲ့မိသားစုဝင်တွေ ဖမ်းဆီးတရားစွဲဆိုခံထားရတာကြောင့် အခက်အခဲဖြစ်နေတာတွေ၊ အမှုရင်ဆိုင်နေရတာတွေ စတဲ့လယ်ယာမြေပြဿနာတွေကို တိုင်းအစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရှိဖို့ လာရောက်တောင်းဆိုကြတာပါ။ တွေ့ဆုံဖို့အတွက် စာလည်းတင်ပြထားပါတယ်။ အစိုးရဘက်က အကြောင်းပြန်လိုက်တာက ဆွေးနွေးလိုသူတွေအနေနဲ့ ဘယ်သူတွေက ဆွေးနွေးကြမယ်ဆိုတာ စာထပ်တင်ပြပါဆိုလို့ ကျွန်တော်တို့ စာပြန်တင်သွားမှာပါ။ အခု ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တောင်သူအချို့ဟာ ထောင်ထဲမှာ ကျန်းမာရေးမကောင်းလို့ ထောင်ဆေးရုံမှာ ဆေးကုနေရတာတွေလည်းရှိနေတယ်” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိရန် စာတင်ပြခဲ့သည့် မြေယာအရေးလှုပ်ရှားသူ ကိုလင်းထင်စိုးက ပြောကြားသည်။

မြေယာပြဿနာများအပါအဝင် တောင်သူများ အမှုဖွင့်ဖမ်းဆီးခံထားရမှုများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိရန်အတွက် ပြင်ဦးလွင်မြို့နယ်အတွင်းမှ ယာမြေသိမ်းဆည်းခံတောင်သူများ၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ တောင်သူများ အစရှိသည့် သိမ်းဆည်းယာမြေပြဿနာများကြောင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် တောင်သူများ၏ မိသားစုဝင်များ၊ အမှုရင်ဆိုင်နေရသည့် တောင်သူများ ယာမြေသိမ်းဆည်းခံတောင်သူများက ၎င်းတို့၏ အခက်အခဲများကို ဝန်ကြီးချုပ်ထံ တင်ပြဆွေးနွေးခွင့်ရရှိရန်အတွက် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

“ကျွန်မတို့ကတော့ ဖမ်းဆီးခံထားရတဲ့ တောင်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ အခုချိန်မှာ လုပ်ကိုင်စားစရာ မြေမရှိတော့တဲ့အတွက် အခက်အခဲတွေဖြစ်နေကြတယ်။ သိမ်းဆည်းယာမြေတွေကိုလည်း အမြန်ဆုံးပြန်လိုချင်ပါတယ်” ဟု ပြင်ဦးလွင်မြို့နယ်အတွင်းမှ ယာမြေသိမ်းဆည်းခံ တောင်သူတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးမှာ မြေယာပြဿနာ အများဆုံးဖြစ်ပွားနေသည့် တိုင်းဒေသကြီးများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသခံတောင်သူများမှာ ၎င်းတို့၏သိမ်းဆည်းမြေယာများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့မှုကြောင့် အမှုဖွင့်တရားစွဲဆိုခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်းများနှင့် ရင်ဆိုင်နေရသည့်အပြင် ဇန်နဝါရီ ၁၂ ရက်က ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာမှ တောင်သူ ၁၇ ဦးကို မြေနုကျွန်းခွဲဝေရာတွင် ကန့်ကွက်တားဆီးမှုများ ပြုလုပ်ခဲ့မှုကြောင့်ဟုဆိုကာ ငါန်းဇွန်မြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃ ဖြင့် အလုပ်နှင့်ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေယာပြဿနာများနှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရသည့် တောင်သူဦးရေ ၄၀၀ ဝန်းကျင်ခန့်ရှိနေပြီး ထောင်ဒဏ်ချမှတ်ခံထားရသည့် တောင်သူများနှင့် အကျဉ်းထောင်အချုပ်ဖြင့် အမှုရင်ဆိုင်နေရသည့် တောင်သူဦးရေမှာ ၃၀ ဝန်းကျင်ခန့်ရှိကြောင်း မြေယာအရေး လှုပ်ရှားမှုပြုလုပ်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

Most Read

Most Recent