တိုက်ပွဲများကြောင့် ဟူးကောင်းချိုင့်ဝှမ်း ပယင်းနှင့် ရွှေမှော်များတွင် လူ ၃၀၀၀ ကျော် ပိတ်မိနေရာမှ နှစ်ရာဝန်းကျင် ပြန်ထွက်လာ

တိုက်ပွဲများကြောင့် ဟူးကောင်းချိုင့်ဝှမ်း ပယင်းနှင့် ရွှေမှော်များတွင် လူ ၃၀၀၀ ကျော် ပိတ်မိနေရာမှ နှစ်ရာဝန်းကျင် ပြန်ထွက်လာ
Published 31 January 2018

ဟူးကောင်းချိုင့်ဝှမ်း နန့်ကွမ်းဒေသမှ ပိတ်မိနေသူအချို့ ပြန်ထွက်လာသည်ကို ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ်

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်း ပယင်းနှင့်ရွှေမှော်များတွင် လူ ၃၀၀၀ ကျော် ပိတ်မိနေရာမှ လူနှစ်ရာဝန်းကျင် ပြန်ထွက်လာနိုင်ကြောင်း တနိုင်းဒေသခံများက ပြောကြားသည်။

ထိုသူများမှာ တနိုင်းမြို့နယ် လပူခမှော်၊ ဇီးဖြူကုန်းမှော်နှင့် နန့်ကွမ်းဒေသတွင် ရွှေ၊ ပယင်းနှင့်ဈေးရောင်းသည့် လူများဖြစ်ပြီး လက်ရှိတွင် တပ်မတော်ကလက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် နန့်ကွမ်းတွင် ပိတ်မိနေကြောင်း ပြောကြားသည်။

တနိုင်းဒေသခံတစ်ဦးက “အခုပိတ်နေတာက တနိုင်းချောင်းဘေးက နန့်ကွမ်းမှာ လူသုံးထောင်ကျော်လို့ပြောတယ်။ မှော်ဥက္ကဋ္ဌဆီ ဖုန်းဆက်ကြည့်တော့ လူက ငါးထောင်ကျော်စာရင်းရှိတယ်။ လူတွေ ပယင်းနဲ့ ရွှေသွားရှာကြတဲ့ လောပန်းတွေ၊ အလုပ်သမားတွေပါတယ်။ ဈေးရောင်းဈေးဝယ်တွေပါတယ်။ အားလုံးပေါ့ ဆက်စပ်တာ။ တပ်မတော်က ဒီမှာ ဂိတ်ထိုင်ထားတော့ မထွက်ရဲကြဘူး။ ရပ်မိရပ်ဖတွေလည်း ခွင့်ပြုပေးဖို့တ နိုင်းဒကစကို ပြောတဲ့လူလည်းရှိတယ်လို့ ပြောတယ်။ ဘာသာရေးအဖွဲ့တွေကတော့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို အကူအညီတောင်းဖို့ပြောနေတယ်။ တပ်မတော်ပြောတဲ့ မိုင်းခွန်းလမ်းကျတော့ မိုင်းအန္တရာယ်များတယ်” ဟုပြောကြားသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှာ လက်ရှိတွင် ခရီးလွန်နေပြီး ဇန်နဝါရီ ၂၉ ရက်မှသာ ယင်းကိစ္စကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ ဇန်နဝါရီ ၂၇ ရက်ကတည်းက လူပေါင်း ၃၀၀၀ ကျော် ယခုလိုပိတ်မိနေသည်ဟု ကြားသိထားရကြောင်း ဒေသခံတို့က ပြောကြားသည်။

ဇန်နဝါရီ ၂၇ ရက်က ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံရင်း (၁၄) နေရာတွင် ပစ်ခတ်မှုများပြင်းထန်နေပြီး နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

ဇန်နဝါရီ ၂၇ ရက်တွင် တနိုင်းဒေသ ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ၊ ရင်း (၁၄) နှင့် နမ္မတီး တနိုင်းလီဒိုလမ်းကြောပေါ်တွင် တစ်နေ့လုံးနီးပါး ပစ်ခတ်မှုများကြောင့် အတက်အဆင်းကားများ ရပ်နားနေရကြောင်း သိရသည်။

ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ငြိမ်းချမ်းညီလာခံနီးလာသည့်အတွက် တိုက်ပွဲဖြစ်ခြင်းမဟုတ်ဘဲ နိုင်ငံ၏မြေပေါ်မြေအောက် သယံဇာတကိုကာကွယ်ရန် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကာကွယ်ခြင်းဖြစ်ကြောင်း RFA သတင်းဌာနသို့ လွန်ခဲ့သည့်ဒီဇင်ဘာက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇွန် ၅ ရက်တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့်ဖြန့်ဝေခဲ့သည့် သတိပေးစာတွင် တနိုင်းမြို့နယ်အတွင်းရှိ ထန်းပလားမှော်၊ ဝမ်းပလားမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်၊ နန့်ကွမ်းမှော်များမှာ နိုင်ငံတော်က တရားဝင်ခွင့်ပြုထားသည့်မှော်များ မဟုတ်ကြောင်း၊ ရွှေပယင်းတူးဖော်ခြင်းများကြောင့် ဂေဟစနစ်ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့် တပ်မတော်က မကြာမီနယ်မြေရှင်းလင်းရေးများ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ စာတွင် ဒေသခံပြည်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၂၀၁၇ ခုနှစ် ဇွန် ၁၅ ရက် နောက်ဆုံးထားထွက်ခွာရန်၊ ထွက်ခွာခြင်းမရှိပါက KIA အဖွဲ့နှင့် ပူးပေါင်းနေသူများဟု သတ်မှတ်မည်ဖြစ်ပြီး နယ်မြေရှင်းလင်းသည့်အခါ ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်မည်ကို မလိုလားသဖြင့် ကြိုတင်အသိပေးခြင်းဖြစ်ကြောင်း ပါရှိသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တနိုင်းဒေသတွင် တရားမဝင်ရွှေမှော်၊ ပယင်းမှော်များကိုအကြောင်းပြု၍ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၇ ဇွန်လဆန်းပိုင်းမှ ၂၀၁၈ ဇန်နဝါရီအထိ ရှစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှုများကြားတွင် အရပ်သားသားများ ထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ မိုင်းနင်းဒဏ်ရာရရှိခြင်း၊ မသင်္ကာသူများ ဖမ်းဆီးခံရခြင်းများရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent