လွှတ်တော်၌ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည့် သက်ဆိုင်ရာဝန်ကြီးများအနေဖြင့် ကြောင်းကျိုးဆီလျော်အောင်နှင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို အခြေခံပြီး တိကျမှန်ကန်စွာဖြေကြားရန် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

လွှတ်တော်၌ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည့် သက်ဆိုင်ရာဝန်ကြီးများအနေဖြင့် ကြောင်းကျိုးဆီလျော်အောင်နှင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို အခြေခံပြီး တိကျမှန်ကန်စွာဖြေကြားရန် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 31 January 2018

ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

လွှတ်တော်တွင် မေးမြန်းမှုများအား ပြန်လည်ဖြေကြားသည့် သက်ဆိုင်ရာဝန်ကြီးများအနေဖြင့် ကြောင်းကျိုးဆီလျော်အောင်နှင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကိုအခြေခံပြီး တိကျမှန်ကန်စွာဖြေကြားရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဇန်နဝါရီ ၃၀ ရက်ကပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားသည်။

“ကိုယ်စားလှယ်ရဲ့ မေးခွန်းမေးမြန်းမှုများကို စာနှင့်ဖြေကြားပေးတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လွှတ်တော်မှာလာရောက်ဖြေကြားတဲ့ သက်ဆိုင်ရာဝန်ကြီးများအနေဖြင့် အကြောင်းအကျိုးဆီလျော်အောင် ဖြေကြားပေးဖို့ ဖြစ်ပါတယ်။ မိမိတို့၏ဖြေကြားမှုများမှာ မြေပြင်တွင် ဖြစ်ပေါ်နေတဲ့အခြေအနေများကို အခြေခံမည့် တိကျမှန်ကန်စွာ ဖြေဆိုကြပါ။ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသောမေးခွန်းများကို လာရောက်ဖြေဆိုပြီး အဆိုပါဖြေကြားချက်များတွင် ကတိကဝတ်များပါခဲ့ရင် အဲဒီကတိကဝတ်များအတိုင်း အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ မေးမြန်းသူရော ဖြေကြားသူပါ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောကြားသည်။

ပြဋ္ဌာန်းထားသည့် ဥပဒေများကို ကိုယ်စားလှယ်တစ်ဦးချင်းအနေဖြင့် သော်လည်းကောင်း၊ လွှတ်တော်ကော်မတီလိုက် သော်လည်းကောင်း ကြိုးစားလေ့လာကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ ပြီးခဲ့သည့် သက်တမ်းနှစ်နှစ်တာကာလတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေနှင့် ပြည်သူကို အပြည့်အဝအကာအကွယ်ပေးရန်အတွက် ယစ်မျိုးခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီနေ့အစည်းအဝေးမှာ ကိုယ်စားလှယ်မှာ ကိုယ်စားလှယ်များ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားမှုနှင့် စပ်လျဉ်းပြီး အသိပေးရှင်းလင်းပြောကြားလိုပါတယ်။ ကိုယ်စားလှယ်များကို ဦးစွာပြောကြားလိုတာကတော့ ကိုယ်မေးတဲ့မေးခွန်းကို တိတိကျကျ၊ ရှင်းရှင်းလင်းလင်းနဲ့ ထိထိမိမိမေးဖို့လိုပါတယ်။ မေးခွန်းများအား မိမိမဲဆန္ဒနယ်မှာရှိတဲ့ မဲဆန္ဒရှင် ပြည်သူများအမှန်တကယ် ကြုံတွေ့နေရတဲ့ အခက်အခဲများ အမှန်တကယ်လိုအပ်ချက်များနဲ့ တိုက်ရိုက်ပတ်သက်ဖို့လိုသလို လွှတ်တော်မှာ ဖြေကြားပြီးသား ကိစ္စရပ်တွေ မဖြစ်ဖို့လည်းလိုပါတယ်။ အဲဒီလိုမေးမြန်းရာမှာလည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ဘယ်ကိစ္စကိုဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ ဆောင်ရွက်ပေးမယ်ဆိုရင် ဘယ်အချိန်မှာ ဆောင်ရွက်ပေးနိုင်မလဲ၊ မဆောင်ရွက်ပေးနိုင်ဘူးဆိုရင် ဘာကြောင့်လဲ မေးမြန်းဖို့ဖြစ်ပါတယ်” ဟု ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဆိုသည်။

လွှတ်တော်ပုံမှန်အစည်းအဝေး ငါးကြိမ်ကျင်းပနိုင်ခဲ့ပြီး အဲဒီအစည်းအဝေးများကို ကိုယ်စားလှယ်များက အဆိုပေါင်း ၂၅ ခုတင်သွင်းကာ၊ ကြယ်ပွင့်ပြမေးခွန်း ၇၂၉ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၂၅ ခုကိုလည်း မေးမြန်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

“အဲဒီလိုတင်သွင်းခဲ့ကြတဲ့ မေးခွန်းများဟာ လွှတ်တော်မှတ်တမ်းများမှာ ထည့်သွင်းမှတ်တမ်းတင်ထားရုံသာမဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများက ဆက်လက်ဆောင်ရွက်ရန် ကတိကဝတ်အဖြစ်ရှိနေတဲ့ မေးခွန်းနဲ့အဖြေများလည်း ပါရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကော်မတီအစည်းအဝေးပေါင်း ၅၀၅ ကြိမ်၊ ပြင်ပပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည့်အစည်းအဝေး ၁၅၆ ကြိမ်၊ ပြည်သူများ၏ တင်ပြတိုင်ကြားမှုများကို ကွင်းဆင်းဖြေရှင်းဆောင်ရွက်ပေးမှု ၁၄၇ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတကာသံတမန်များ၊ ပြင်ပအဖွဲ့အစည်း ၂၁ ခု၊ ပြည်တွင်းအဖွဲ့အစည်း ၁၉ ခုနှင့်တွေ့ဆုံမှုများ၊ အလုပ်ရုံဆွေးနွေးပွဲ ၅၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent