ပြည်တွင်းထွက်ကုန်စည်များ ထိုင်းနိုင်ငံသို့ တင်ပို့မှုမြင့်တက်လာသော်လည်း သွင်းကုန်မှာ ယခင်နှစ်ကာလတူထက် လျော့ကျနေဆဲဖြစ်ကာ ယခင်နှစ် ကုန်သွယ်မှုပမာဏသို့ ပြည့်မီရန်လိုအပ်

ပြည်တွင်းထွက်ကုန်စည်များ ထိုင်းနိုင်ငံသို့ တင်ပို့မှုမြင့်တက်လာသော်လည်း သွင်းကုန်မှာ ယခင်နှစ်ကာလတူထက် လျော့ကျနေဆဲဖြစ်ကာ ယခင်နှစ် ကုန်သွယ်မှုပမာဏသို့ ပြည့်မီရန်လိုအပ်
Published 31 January 2018

မြဝတီနယ်စပ်မှတစ်ဆင့် ကုန်သွယ်လျက်ရှိသည့် ထိုင်းကုန်စည်ကားများကို တွေ့ရစဉ်

မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြည်တွင်းထွက် စားသောက်ကုန်များတင်ပို့မှု ဆက်တိုက်မြင့်တက်လာခဲ့သော်လည်း ထိုင်းနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများမှာ ယခင်နှစ်ကာလတူကထက် လျော့ကျလျက်ရှိကာ ယခင်နှစ်ကုန်သွယ်မှုပမာဏသို့ ပြည်မီရန် လိုအပ်နေဆဲဖြစ်ပြီး ယခုနှစ်ဘဏ္ဍာနှစ်ဖြစ်သော ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အထိ အမေရိကန်ဒေါ်လာ ၇၁၆ ဒသမ ၉၄၅ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်သို့ ပြည်တွင်းရေထွက် ငါး၊ ပုစွန်၊ ကဏန်းနှင့် လယ်ယာထွက်ပစ္စည်းများဖြစ်သော ငရုတ်၊ ကြက်သွန်၊ ပဲ၊ နှမ်းနှင့် ပရဆေးများအပြင် အခြားထွက်ကုန်များတင်ပို့မှုမှာ ၁-၄-၂၀၁၇ မှ ၁၉-၁-၂၀၁၈ ရက်အထိ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၄၂၃ သန်း တင်ပို့နိုင်ခဲ့ကာ ယခင်နှစ်ကာလတူကထက် ဒေါ်လာ ၁၅ ဒသမ ၇၇၂ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ထိုင်းကုန်စည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၆၅၄ ဒသမ ၅၂၂ သန်းသာ ကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူကထက် ၂၃ ဒသမ ၀၆၅ သန်း လျော့ကျသွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က တင်ပို့မှုအများဆုံးဖြစ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈၃၈ သန်းတင်ပို့ခဲ့ပြီးနောက် ခြောက်နှစ်အာကာတွင် ယခုကဲ့သို့ ပြည်ပပို့ကုန်တင်ပို့မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ မြဝတီနယ်စပ် ကုန်သွယ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ပြည်တွင်းထွက်ကုန်ပစ္စည်း တင်ပို့မှုမြင့်တက်လာခဲ့သော်လည်း ထိုင်းကုန်စည်များ မြန်မာနိုင်ငံဘက်သို့ တင်သွင်းမှုထက် ၁၀ ဒသမ ၄၈ ဆ လျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။

နှစ်သစ်ကူးပွဲတော်ကာလ ကျော်လွန်ပြီးနောက်ပိုင်း ထိုင်းကုန်စည်များ မြန်မာနိုင်ငံအတွင်းသို့ အများအပြားတင်သွင်းလာပြီး ဆောင်းရာသီအသုံးအဆောင်နှင့် စားသောက်ကုန်၊ လူသုံးကုန်များ ပိုမိုတင်သွင်းလာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ အနွေးထည်၊ မွေ့ယာ၊ ဂွမ်းစောင် စသည့်လူသုံးကုန်ပစ္စည်းများ၊ ဆိုင်ကယ်များ၊ သဘာဝဓာတ်ငွေ့ရည်များ၊ အထည်အလိပ်၊ ဘိလပ်မြေ၊ အချိုမှုန့်၊ အချိုရည်နှင့် ဓာတ်မြေသြဇာများကို အလုံးအရင်းဖြင့် တင်သွင်းလာပြီး သကြားများကိုလည်း မြဝတီနယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ Re export အဖြစ်တင်သွင်းလျက်ရှိကာ လယ်ယာသုံးနှင့် လုပ်ငန်းသုံးစက်ယန္တရားများကိုလည်း ပုံမှန်တင်သွင်းလျက်ရှိကြောင်း သိရသည်။

ထို့အတူ တရားဝင်တင်သွင်းခွင့်မရှိသော ကြက်နှင့် ကြက်ထွက်ပစ္စည်းများ၊ အသည်းနှလုံးပါကင်ထုပ်များ၊ အသားထုတ်ရောင်းချမည့် ထိုင်းမွေးမြူရေးဝက်များကိုလည်း တရားမဝင် တင်သွင်းလျက်ရှိသည်။

မြန်မာ့ခိုင်းနွားများအား တရားဝင်တင်ပို့ရန် ခွင့်ပြုထားပြီးဖြစ်သော်လည်း တရားမဝင်လမ်းကြောင်းများမှသာ တင်ပို့လျက်ရှိကြောင်း သိရသည်။ ထို့အတူ သစ်နှင့် သစ်တောထွက်ပစ္စည်းများအား တရားဝင်တင်ပို့ခွင့်မရှိသော်လည်း သောင်ရင်းဖြတ်ကျော်ဂိတ်များမှ တရားမဝင်တင်ပို့လျက်ရှိသည်ဟုဆိုသည်။

ထို့ပြင် နယ်စပ်ဂိတ်စခန်း ၁၆ ခုမှ ပို့ကုန်တင်ပို့မှုမှာ သွင်းကုန်ထက်များပြားပြီး အမေရိကန်ဒေါ်လာ ၄၀၆၉ ဒသမ ၄၃၇ သန်းဖိုးတင်ပို့ခဲ့သလို သွင်းကုန်မှာ ဒေါ်လာ ၂၂၆၉ ဒသမ ၀၈၉ သန်းဖိုးတင်သွင်းခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အထိ အမေရိကန်ဒေါ်လာ ၆၃၃၈ ဒသမ ၅၂၆ သန်း ကုန်သွယ်နိုင်ခဲ့သလို ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂၇၁ ဒသမ ၅၄၈ သန်း ပိုမိုကုန်သွယ်ထားကြောင်း သိရသည်။

Most Read

Most Recent