မြန်မာမှထွက်ပြေးသွားသည့်သူများအား ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ပို့သည့်အချိန်တွင် လက်ခံမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာမှထွက်ပြေးသွားသည့်သူများအား ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ပို့သည့်အချိန်တွင် လက်ခံမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 30 January 2018

ဇန်နဝါရီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီရာခရိုင်တွင်ရှိသော ဟာခင်ပါရာဒုက္ခသည်စခန်းကို တွေ့ရစဉ် (Photo: AFP)

မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့်သူများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ပို့သည့်အချိန်တွင် လက်ခံမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဇန်နဝါရီ ၂၉ ရက်တွင် လွှတ်တော်သို့ လာရောက်ဖြေကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့်သူများကို ပြန်လည်လက်ခံမည့်ကိစ္စနှင့် ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “အဲဒါတော့ ကျွန်တော်တို့ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ပဲ ဆောင်ရွက်ရတာပေါ့။ အစိုးရအနေနဲ့ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်လုပ်ရတာပေါ့။ နှစ်နိုင်ငံသဘောတူညီချက်အရ ဇန်နဝါရီ ၂၃ ရက် စတင်ရမယ့်နေ့ပေါ့။ စတင်ရမယ့်နေ့လို့ပြောတဲ့အတွက် အဲဒီနေ့ကစပြီး ဘယ်နေ့လာလာရတယ်။ အဲဒီသဘောဖြစ်ပါတယ်။ ၂၃ ရက် အတိအကျလာရမယ်လည်း မဟုတ်ဘူးပေါ့။ စပြီးလက်ခံလို့ရတဲ့အတွက်ကြောင့် သူတို့ပို့တဲ့အချိန်မှာ ကျွန်တော်တို့က လက်ခံမယ်။ သူတို့ဘက်က လုပ်ငန်းဆောင်တာတွေ ကြန့်ကြာတာလည်းဖြစ်နိုင်တယ်။ အခြားအခက်အခဲတွေလည်း ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံကတော့ ကျွန်တော်တို့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရမယ့်အတိုင်း ကျွန်တော်တို့ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ပြန်အကြောင်းကြားသလားဆိုတော့ ပထမတုန်းက သတ်မှတ်ထားတဲ့ ဇန်နဝါရီ ၂၃ ရက်က စနိုင်တယ်ဆိုပေမယ့် အဲဒီနေ့မစနိုင်ဘူးဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ သတင်းရရှိတာက သူတို့က UNHCR ရဲ့ပါဝင်မှုပါနေတယ်။ အဲဒီဘက်အပိုင်းမှာ ဘင်္ဂလားဒေ့ရှ်မှာ။ UNHCR က မိမိဆန္ဒအလျောက် ပြန်လာခြင်း ဟုတ်မဟုတ်ဆိုတာကို သူတို့က UNHCR နဲ့လည်း အဲဒီရက်ကျမှ လက်မှတ်ထိုးရတယ်လို့ ကြားတယ်လေ။ ကြားတဲ့အခါ သူတို့ကနေ မိမိသဘောဆန္ဒအလျောက် ပြန်လာခြင်း ဟုတ်မဟုတ်ဆိုတဲ့ကိစ္စမျိုးကို စိစစ်ဆောင်ရွက်ရတာလည်းပါတဲ့အတွက် ကြန့်ကြာတယ်လို့ ကျွန်တော်တို့ကြားရတယ်။ သူတို့ဘက်က သတင်းတွေထွက်တာက သူတို့က ကြောက်ရွံ့မှုရှိတယ်၊ သံသယရှိတယ်။ ကြောက်ရွံ့တယ်ဆိုတာ ဒီဘက်ကျရင် လုံခြုံမှုရှိပါ့မလားပေါ့။ နောက်တစ်ခုကလည်း သံသယပေါ့။ သံသယဆိုတာက အရင်တုန်းက ပဋိပက္ခတွေဖြစ်ခဲ့တယ် အခုလည်း ထပ်ဖြစ်ဦးမှာလားပေါ့။ မတည်ငြိမ်မအေးချမ်းမှုတွေ ကြုံတွေ့ရမလားပေါ့။ ဒါက သူတို့ဘက်က ကြားတဲ့အသံကိုကြားတာ” ဟု သတင်းထောက်များအား ပြောကြားသည်။

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုကြောင့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဦးရေသည် ခြောက်သိန်းကျော်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။

ထိုသို့ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်များထဲတွင် ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများလည်း ပါဝင်နေကြောင်း www.benarnews.org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းဗီဒီယိုတစ်ခုအရ သိရသည်။

ရေရှည်ပဋိပက္ခကင်းဝေးရေး၊ နှစ်ဖက်အဖွဲ့အစည်းအကြား သဟဇာတဖြစ်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားမှုအခြေအနေ မေးမြန်းချက်အား “နှစ်ဖက်လူ့အဖွဲ့အစည်းမှာလည်း သံသယတွေအသီးသီးရှိကြတယ်။ ကြောက်ရွံ့မှုအသီးသီးရှိကြတယ်။ သံသယကြောက်ရွံ့မှု အခြေခံအကြောင်းတရားတွေ ဖယ်ထုတ်ရမှာတွေရှိတယ်။ အကြမ်းဖက်မပါအောင် ကျွန်တော်တို့ကလုပ်တယ်။ အကြမ်းဖက်မှုတွေ ကင်းစင်အောင်လည်းလုပ်ရတယ်။ ခုနပြောတဲ့ စိစစ်ဆောင်ရွက်မှုတွေမှာ အရေးကြီးတယ်။ စိစစ်ဆောင်ရွက်ပြီးသား ဒီနိုင်ငံအတွင်းမှာ နေထိုင်သွားတဲ့လူတွေ ဒီနိုင်ငံအတွင်းမှာ ပြန်ရောက်ပြီဆိုရင် ဆက်ပြီးတော့ ကျွန်တော်တို့မှာတာဝန်ကြီးပါတယ်။ အဲဒီတာဝန်ကဘာလဲဆိုတော့ နောက်ထပ်ပဋိပက္ခ မဖြစ်ဖို့လိုတယ်။ သူတို့ဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးရဖို့လိုတယ်။ ဒီပြည်နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူအားလုံးဟာ သူ့ရဲ့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရဖို့လိုတယ်။ ဥပမာ နိုင်ငံသားဆိုရင် နိုင်ငံသားအခွင့်အရေးရရမယ်။ ပြုနိုင်ငံသားဆိုရင် ပြုနိုင်ငံသား အခွင့်အရေးရရမယ်။ နိုင်ငံသားလည်းမဟုတ်ဘူး၊ ပြုနိုင်ငံသားလည်းမဟုတ်ဘူး ဒီဒေသအတွင်းမှာ နေထိုင်ခွင့်ရှိသော သူဆိုရင် သူ့နေထိုင်ခွင့်ရှိသောသူရဲ့ အခွင့်အရေးရရမယ်။ ဒါကိုလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြန်ဝင်လာတဲ့လူတွေ နားလည်အောင် သိရှိဖို့လိုတယ်လို့ယူဆတာပေါ့။ ကျွန်တော်တို့က ၁၉၈၂ ဥပဒေကို ကိုင်စွဲထားတာဖြစ်တဲ့အတွက်ကြောင့် ၈၂ ဥပဒေ အရ ပြန်ဝင်လာသောသူများကို ကျွန်တော်တို့က စိစစ်မှုတွေပြုလုပ်မယ်။ စိစစ်မှုတွေ ပြုလုပ်နိုင်အောင် နေရှင်နယ်ဗယ်ရီဖီကေးရှင်း ပရောဆက်ဆိုတဲ့ စိစစ်တဲ့လမ်းစဉ်ကြီးထဲကို ဝင်မှရမယ်။ ဝင်ပြီဆိုရင် စိစစ်လိုက်လို့ သူသည် ၈၂ ဥပဒေအရ နိုင်ငံသားဖြစ်သင့်တယ်ဆိုရင် နိုင်ငံသားဖြစ်သွားမယ်။ နိုင်ငံသားမဖြစ်သင့်ဘူး ပြုနိုင်ငံသားဆို ပြုနိုင်ငံသား ဖြစ်သွားမယ်။ သို့မဟုတ်ရင်လည်း နေထိုင်ခွင့်ရှိသော သူပဲဖြစ်တယ် ကျန်တဲ့နှစ်ခုတော့ မရဘူးဆိုတော့ သူ့ဘာသာသူ ကွဲပြားသွားမယ်။ ကွဲပြားသွားတဲ့အပေါ် မူတည်ပြီး အခွင့်အရေးတွေမတူကြဘူး။ ကြောက်ရွံ့မှုတွေ မယုံကြည်မှုတွေ ဒါတွေက ဖြတ်သန်းလိုက်မှရမယ်။ မဖြတ်သန်းဘဲ ကြောက်နေတယ် ကြောက်နေတယ် မယုံဘူး မယုံဘူး လုပ်နေရုံနဲ့မရဘူး။ ယုံကြည်မှုအတွက်လည်း မှန်ကန်တဲ့ဥပဒေအရ ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော်တို့အစိုးရက ပြဖို့လိုတယ်။ ကျွန်တော်တို့အစိုးရက ဥပဒေနဲ့ဆောင်ရွက်တယ်ဆိုတာကို ပြနေပြီ။ နံပါတ်တစ် ပြန်လည်လက်ခံတဲ့အပိုင်းမှာ ဒီမှာနေသွားတဲ့လူတွေကို ပြန်လည်လက်ခံဖို့ အစိုးရက ဥပဒေအရတာဝန်ရှိတယ်။ တာဝန်ရှိတဲ့အတိုင်း အဲဒီဥပဒေအတိုင်း ဆောင်ရွက်တယ်ဆိုတာပြပြီ။ ပြန်ဝင်လာမယ် ပြန်ဝင်လာမယ့်သူများသည် ဥပဒေအရ ရပိုင်ခွင့်တွေရမယ်ဆိုတာ အဲဒီဥပဒေအရ ဆောင်ရွက်ပြမယ်။ အဲဒီဆောင်ရွက်ဖို့လည်း စည်းရုံးဆောင်ရွက်ထားပြီးသားဖြစ်တယ်။ အဆင်သင့်လည်းဖြစ်တယ်။ နောက်တစ်ခါ လုံခြုံရေး။ သူတို့ကြောက်တာ လုံခြုံရေးပေါ့။ လုံခြုံရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့က ဘာလုပ်ပေးရမလဲဆိုတော့ သက်ဆိုင်ရာလုံခြုံရေးကို တာဝန်ယူတဲ့လူတွေက လုံခြုံရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ်။ လုံခြုံရေးနဲ့ပတ်သက်တယ်ဆိုတာ အကြမ်းဖက်မှုတွေ မဝင်နိုင်အောင် အကြမ်းဖက်မှုတွေ သန့်စင်အောင်လုပ်ရမယ်။ နောက်တစ်ခါ အကြမ်းဖက်မှုမှာ မပါဝင်အောင် အင်မတန်ကိုရိုးသားတဲ့ ရွာသူရွာသားများကို စည်းရုံးနိုင်ရမယ်။ သက်ဆိုင်ရာအကြမ်းဖက်တွေ နောက်ပါမသွားဖို့ စည်းရုံးနိုင်တယ်ဆိုတာ သူတို့ရဲ့ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ ကျွန်တော်တို့ကပေးရမယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဥပဒေအရပေးရမယ်။ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးရမယ်။ ဒါတွေကို ကျွန်တော်တို့ တကယ်လုပ်ပေးနေတာပါလားဆိုတာ သူတို့ကခံစားသိရှိဖို့လိုတယ် အခုက စိတ်ကူးယဉ်ပြီးတော့ ကြောက်တာတွေလည်းပါတယ်။ တကယ်လည်းခံစားခဲ့ရတဲ့ အခြေအနေအပေါ်မူတည်ပြီး ကြောက်တာတွေလည်းပါတယ်၊ မယုံကြည်တာတွေလည်းပါတယ်။ ဒါတွေအကုန်လုံးကို ဥပဒေနဲ့အညီ ဆောင်ရွက်တယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ဥပဒေနဲ့ ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက ကုန်းလမ်းဖြင့် ဝင်ရောက်လာသူများအတွက် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နှင့် ရေလမ်းဖြင့် ဝင်ရောက်လာသူများအတွက် ငါးခူရကျေးရွာများအား ရွေးချယ်ထားကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားသူများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက တစ်ပတ်လျှင် ငါးကြိမ်စီလက်ခံသွားမည်ဖြစ်ပြီး တစ်ကြိမ်လျှင် စခန်းတစ်ခု၌ ၁၀၀ မှ ၁၅၀ ခန့်အထိ လက်ခံပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

Most Read

Most Recent