မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ သီးသန့်ရန်ပုံငွေထူထောင်ပြီးပါက ၎င်းတို့အတွက် အခွင့်အရေးအပြည့်အဝရရှိရေး ပိုမိုပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဟုဆို

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ သီးသန့်ရန်ပုံငွေထူထောင်ပြီးပါက ၎င်းတို့အတွက် အခွင့်အရေးအပြည့်အဝရရှိရေး ပိုမိုပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဟုဆို
Published 30 January 2018

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ သီးသန့်ရန်ပုံငွေထူထောင်ပြီးပါက ၎င်းတို့အတွက် အခွင့်အရေးအပြည့်အဝရရှိရေး ပိုမိုပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဒေါ်အိအိပြုံးက မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအရ မသန်စွမ်းသူများအတွက် ဥပဒေ၏အကာအကွယ်ကို ပြည့်ဝစွာရရှိရန်နှင့် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ထောက်ပံ့ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက “လက်ရှိမှာလည်း မသန်စွမ်းသူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးဌာနရန်ပုံငွေနဲ့ ပံ့ပိုးမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေပါ သီးသန့်ရန်ပုံငွေ ထူထောင်ပြီးပါက ၎င်းတို့အတွက် အခွင့်အရေးအပြည့်အဝရရှိရေး ပိုမိုပံ့ပိုးဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ပါတယ်” ဟုပြောကြားသည်။

လက်ရှိတွင် မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနရန်ပုံငွေဖြင့် ပံ့ပိုးမှုများဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၄ ဦးကို တစ်ဦးလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၁၀၈၀၀၀၀၀၊ ကချင်ပြည်နယ်တွင် မိုင်းကြောင့် သေဆုံးသူတစ်ဦးအား ကျပ်ခုနစ်သိန်း ထောက်ပံ့ခဲ့ကြောင်း၊ ကယားပြည်နယ် ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စုအတွင်းရှိ ခိုးကိုးရာမဲ့ မသန်စွမ်းခြောက်ဦးအတွက် တစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်း၊ သာမန်မသန်စွမ်းသူ ၃၁ ဦးကို တစ်ဦးလျှင် ကျပ်နှစ်သိန်းနှုန်း၊ ကျန်းမာရေးမကောင်းသည့် မသန်စွမ်းသူတစ်ဦးအတွက် ကျပ်တစ်သိန်းနှုန်း၊ စုစုပေါင်း ကျပ် ၉၃၀၀၀၀၀၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် မသန်စွမ်းသူ ၅၄ ဦးအတွက် တစ်ဦးလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၁၀၈၀၀၀၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သည့်အတွက် မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ကိုလည်း ထူထောင်ကာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent