ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ရသေ့တောင်မြို့နယ် တရားရုံးတွင် လုံခြုံရေးတင်းကျပ်စွာဖြင့် ပထမအကြိမ် ရုံးထုတ်

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ရသေ့တောင်မြို့နယ် တရားရုံးတွင် လုံခြုံရေးတင်းကျပ်စွာဖြင့် ပထမအကြိမ် ရုံးထုတ်
Published 29 January 2018

ဖမ်းဆီးခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ဇန်နဝါရီလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် တရားရုံးတွင် လုံခြုံရေး တင်းကျပ်စွာဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ရုံးထုတ်ရာတွင် စစ်တွေအကျဉ်းထောင်မှတစ်ဆင့် ကားဖြင့် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်း မြို့နယ်ကြားရှိ မင်းချောင်းတံတားဆိပ်ကမ်းမှ တစ်ဆင့် ရေကြောင်းလမ်းဖြင့် ပင်လယ်ပတ်လမ်းမှ ရသေ့တောင်မြို့သို့ နံနက်စောစောပိုင်းတွင် လုံခြုံရေး အစောင့်အကြပ်များ ပါဝင်သော စက်လှေငါးစီးဖြင့် လိုက်ပါပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ရသေ့တောင် တရားရုံးသို့ရောက်ရှိစဉ် မီဒီယာများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရခဲ့ကြောင်းလည်း သိရှိရသည်။

“လွပ်လပ်မှုမရှိဘူးပေါ့၊ လုံခြုံရေးတွေကလည်း အများကြီး ချထားတယ်။ မိသားစုတွေနဲ့လည်း တွေ့ခွင့်မရဘူး။ သတင်းသမားတွေနဲ့လည်း တွေ့ခွင့်မပေးဘူး။ ဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ အခုလိုမျိုး မလုပ်သင့်ဘူးလို့ ကျွန်မအနေနဲ့ မြင်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတာကိုလည်း တွေ့ရတယ်။ ရုံးထုတ်မယ် ဆိုတာမျိုးကိုလည်း သတင်းပေးတာ မရှိဘူး။ စစ်တွေထောင်မှာတော့ သွားတွေ့လို့ရပါတယ်” ဟု စာရေးဆရာ ဝေဟင်အောင်၏ ဇနီးဖြစ်သူ ဒေါ်အေးအေးနွယ်က ပြောကြားခဲ့သည်။

အဆိုပါ ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့အား ရုံးထုတ်ရာတွင် လုံခြုံရေး အစောင့်အကြပ်များစွာ ချထားဆောင်ရွက်ခဲ့သကဲ့သို့ ရသေ့တောင်မြို့တွင်လည်း လမ်းဆုံလမ်းခွများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှု များပြားခဲ့ကြောင်းနှင့် ရသေ့တောင်သို့ လာရောက်သော ကားလမ်းရှိ ကူးတို့အချို့ကိုလည်း နံနက်ပိုင်းက ပိတ်ထားခဲ့ကြောင်း ရှိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဝေဟင်အောင်အမှုအား လိုက်ပါဆောင်ရွက်သူ ရှေ့နေဒေါ်အေးနုစိန်က “ဒီနေ့တော့ စစ်ဆေးတာ မဟုတ်ဘူး။ ရာဇသတ်ကြီး ဥပဒေ ၅၀၅(ခ)(ဂ)နဲ့စွဲတင်တဲ့တစ်မှုနဲ့ မရားအသင်းအက် ဥပဒေပုဒ်မ ၁၇ (၁)အရ စွဲတင်တဲ့အမှုတွေကို ဒီနေ့တရားရုံးက စွဲတင်တယ်ဆိုတဲ့အကြောင်း ရှင်းပြတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ကို နောက်ထပ်ရုံးချိန်တယ်။ စစ်တွေမှာလည်း နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲထားတဲ့တစ်မှု ရှိတယ်ဆိုတော့ ကျွန်မတို့ကတော့ ရသေ့တောင်မှာ စွဲဆိုထားတဲ့ ရာဇသတ်ကြီး အမှုအမှတ် ၉ နဲ့ ၁၁ ကို စစ်တွေခရိုင်ကို ပြောင်းပေးမယ်ဆိုတဲ့ သတင်းကို ကြားထားတယ်။ အခုတော့ ပြောင်းတယ်ဆိုတာ သေချာသွားပြီဖြစ်တယ်။ ကျွန်မကတော့ စာရေးဆရာ ဝေဟင်အောင်အတွက် အမှုလိုက်ပေးတာ ဖြစ်တယ်။ ဒီအမှုမှာတော့ ဒေါက်တာအေးမောင်ပါ သုံးဦးဆိုတော့ ဆရာနေဘုန်းသွန်းေ၀ (ခ) ဦးဘသန်းစလုံးကို စွဲထားတဲ့အမှု ဖြစ်တဲ့အတွက် နေဘုန်းသွန်းဝေကိုတော့ ၃၁ ရက်နေ့ထိ ရုံးချိန်းရှိပါတယ်။ တာဝန်ခံမိတ္တူတွေကူးဖို့ စီစဉ်ထားပါတယ်။ ဒေါက်တာအေးမောင်မှာက ရှေ့နေမရောက်တဲ့အတွက် ကျွန်မက ကူးပြီးတော့ ဒေါက်တာကို အကူအညီပေးမယ် ဆိုတာကို ဒေါက်တာကို ပြောခဲ့ပါတယ်။ အခုကြုံတွေ့ရတဲ့ အခက်အခဲကို ဒေါက်တာအေးမောင်ရော ဝေဟင်အောင်ရော တင်ပြကြပါတယ်။ ရေလမ်းခရီးမှာ စက်လှေအသေးနဲ့ မပို့ဖို့ အတွက်လည်း တင်ပြခဲ့ကြတယ်။ လုံခြုံရေးကို အကြောင်းပြပြီးတော့ တင်းတင်းကြပ်ကြပ် လုပ်ထားတဲ့ အနေအထားပေါ့။ ဒါပေမယ့် လွန်လွန်ကဲကဲ အနေအထားကိုတော့ ကျွန်မတို့ မျက်မြင်ကိုယ်တွေ့ မြင်ရတာပါပဲ။ ကျွန်မက ကားလမ်းအတိုင်းလာတယ်။ အဲဒီမှာ ပြားချောင်းကြီးရွာ ရောက်တော့ ကူးတို့လှေကူးခွင့်မရဘူး။ ရွာတစ်ရွာနှစ်ရွာဖြတ်ပြီး တခြားနေရာကနေ အမြန်ရေယဉ်တစ်စီးနဲ့ ကူးတို့ကူးခဲ့ရတယ်။ မဟုတ်ရင် တရားရုံးကို ရောက်နိုင်မှာမဟုတ်ဘူး။ ဒီခေတ်ကြီးမှာ ဘာဖြစ်ဖို့ လွပ်လပ်စွာ သွားခွင့်တွေ သတင်းရယူခွင့်တွေ သိရှိပိုင်ခွင့်တွေကို ဒီမိုကရေစီခတ်ကို ချီတက်မယ်ဆိုတဲ့ နေရာမှာ အဲလောက်ထိ အတင်းအကြပ်တွေ ၊ အတားအဆီးတွေ မဖြစ်ကောင်းဘူးလို့ ကျွန်မတော့မြင်တယ်၊ ရုံးထုတ်တဲ့ အစီစဉ်မှာ လုံခြုံရေး ဆိုတာကိုတော့ အကြောင်းပြပါလိမ့်မယ်။ လက်ခုတ်ထဲကရေဆိုတော့ ကျွန်မတို့ ဘက်ကတော့ မကျေနပ်ဘူး ဆိုတာနဲ့ ခံစားရပါတယ်။ ခံပြင်းတယ် ဆိုတာလောက်နဲ့တော့ စောဒကတက်စရာ ရေရေရာရာ မရှိပါဘူး။ ဆောင်ရွက်ရမယ့် အပိုင်းမှာ လုပ်ထုံးလုပ်နည်းတွေထက် ဘောင်တွေကျော်နေသလား ဆိုတာ မျှတမှုနဲ့ ညီညွတ်မှုတွေကိုတော့ ဥပဒေရဲ့ အနှစ်သာရကို ဖော်ဆောင်နိုင်ဖို့ လိုတယ်လို့ ကျွန်မထင်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

လုံခြုံရေးတင်းကြပ်စွာ ချထားဆောင်ရွက်ခြင်းအပေါ် မိသားစုဝင်များက အားမလိုအားမရ ဖြစ်နေကြပြီး လုပ်ထုံးလုပ်နည်းထက် ကျော်လွန်နေသည်ကို ထင်မြင်သုံးသပ် မိကြောင်းလည်း ပြောဆိုကြပြီး မီဒီယာများနှင့်လည်း တွေ့ဆုံပြောဆိုခွင့်ကိုလည်း ပေးသင့်ကြောင်း ပြောဆိုကြသည်။

ယင်းနှင့်ပတ်သက်ပြီး ဝေဟင်အောင်၏ အစ်ကိုဖြစ်သူ ဦးသိန်းဝင်းကလည်း “မိသားစုတွေနဲ့ တွေ့ခွင့်မရတာ စိတ်မကောင်း ဖြစ်မိတယ်။ ဒီမိုကရေစီဆိုတဲ့ နိုင်ငံတော်ကို ချီတက်နေတဲ့အချိန်မှာ ဘာတရား လွတ်လပ်ခွင့်မှလည်း မရှိဘူး။ မီဒီယာတွေနဲ့လည်း တွေ့ခွင့်မရဘူး။ သတင်းစာ လွတ်လပ်ခွင့် ဆိုတာဘာလဲ၊ မီဒီယာ လွတ်လပ်ခွင့်ဆိုတာ ဘာလဲလို့ မေးချင်တယ်။ မိသားစုတွေ အနေနဲ့ကတော့ အရမ်းခံစားရပါတယ်။ မီဒီယာတွေကို တွေ့ခွင့်ပေးပါ၊ မိသားစုတွေကို တွေ့ခွင့်ပေးပါလို့သာ ပြောချင်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent