ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ပါဝင်ငြှိမ်းသတ်ရာမှ ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ကွယ်လွန်

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ပါဝင်ငြှိမ်းသတ်ရာမှ ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ကွယ်လွန်
Published 29 January 2018

မီးလောင်မှုဖြစ်ပွားခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်အား မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ပါဝင်ငြှိမ်းသတ်ရာမှ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည့် ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးကျော်စွာလင်းသည် ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ မိနစ် ၂၀ ခန့်တွင် ကွယ်လွန်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဦးစီးအရာရှိ ဦးကျော်စွာလင်းသည် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ကုသမှုခံယူနေစဉ် ကွယ်လွန်ခြင်းဖြစ်ပြီး လွန်ခဲ့သော သုံးလခန့်ကတည်းက ကုသမှုခံယူနေရကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ဒီနေ့ညမှာပဲ ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောမှာ ကွယ်လွန်သွားပါတယ်။ ဆေးကုသမှုခံယူနေရတာ သုံးလလောက်ကြာပြီလို့ သိရပါတယ်” ဟု ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ကွယ်လွန်သွားသော မီးသတ်ဦးစီး အရာရှိ ဦးကျော်စွာလင်း၏ အသုဘအခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ရေဝေးသုသာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ကျွမ်းနေစဉ် ဝင်ရောက်ငြှိမ်းသတ်ခဲ့သော ဦးကျော်စွာလင်းသည် မီးငြှိမ်းသတ်နေစဉ် ဦးခေါင်းပေါ်သို့ သစ်သားတန်းပြုတ်ကျခဲ့၍ သတိမေ့သွားကာ ဦးနှောက်အမြှေးအောက်သွေးခဲ၊ ဦးနှောက်အသားအတွင်း သွေးယိုစိမ့်၊ ဝဲနားထင်ရိုးကျိုးဒဏ်ရာများ ရရှိခဲ့သဖြင့် ခွဲစိတ်ကုသကာ ဦးနှောက်နှင့်အာရုံကြောကုသဌာန အထူးကြပ်မတ်ကုသခန်း၌ ကုသမှုခံယူနေရကြောင်း မီးလောင်မှုဖြစ်ပွားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဟိုတယ်မှာလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုတွင် တည်းခိုနေသူနှစ်ဦး သေဆုံးပြီး ဂျပန်နိုင်ငံသားတစ်ဦး၏ အလောင်းနှင့် အမျိုးအမည်ခွဲခြားမရသော အလောင်းတို့ တွေ့ရှိခဲ့သည်။

Most Read

Most Recent