ဆန္ဒပြကျောင်းသားများအား ကျောင်းအုပ်ချုပ်ရေးအဖွဲ့များက ကျောင်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က သဘောထားကြေညာချက် ထုတ်ပြန်

ဆန္ဒပြကျောင်းသားများအား ကျောင်းအုပ်ချုပ်ရေးအဖွဲ့များက ကျောင်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က သဘောထားကြေညာချက် ထုတ်ပြန်
Published 29 January 2018

ဆန္ဒပြကျောင်းသားများအား ကျောင်းအုပ်ချုပ်ရေးအဖွဲ့များက ကျောင်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၈ ရက်၌ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ သဘောထားကြေညာချက်၌ ရတနာပုံတက္ကသိုလ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၆ ဦးအား သင်တန်းမှရပ်စဲခြင်းဟုဆိုကာ သက်ဆိုင်ရာကျောင်းများမှ ထုတ်ပယ်ခဲ့သည့်အပြင် နောက်ဆက်တွဲစာရင်းများဖြင့် သင်တန်းရပ်စဲထုတ်ပယ်မည့် ကျောင်းသား၊ ကျောင်းသူများလည်း ဆက်လက်ကျန်ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ယင်းကျောင်းသားများသည် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန်၊ ပညာရေးအထောက်အကူပြုပစ္စည်းများ လုံလောက်စွာထားရှိပေးရန်နှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များ တိုးမြှင့်ထားပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြခြင်းအတွက် သက်ဆိုင်ရာတက္ကသိုလ်များက သင်တန်းမှ ရပ်စဲထုတ်ပယ်လိုက်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများအကြား အကြောက်တရားများ ဖြစ်ပေါ်လာစေရန်အလို့ငှာ တန်ပြန်ဖိနှိပ် အရေးယူခြင်းဖြစ်သည်ဟု အများပြည်သူမှ ထင်မြင်ယူဆစရာ အခြေအနေ တစ်ရပ်ဖြစ်ပေါ်စေကြောင်း ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာနအနေဖြင့် အဆိုပါ ကျောင်းထုတ်ခံကျောင်းသား၊ ကျောင်းသူများအား ကျောင်းပြန်လည်တက်ရောက်ခွင့်ရရှိရေးအတွက် လိုအပ်ချက်မှန်သမျှကို အမြန်ဆုံးနည်းဖြင့် ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က အလေးအနက် တောင်းဆိုကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။

Most Read

Most Recent