ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား၊ ကုန်ထုတ်လုပ်မှု၊ တယ်လီကွန်းနှင့် အိမ်ခြံမြေ စသည့် ကဏ္ဍကြီးငါးခုမှာ ထိပ်ဆုံးမှရပ်တည်

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား၊ ကုန်ထုတ်လုပ်မှု၊ တယ်လီကွန်းနှင့် အိမ်ခြံမြေ စသည့် ကဏ္ဍကြီးငါးခုမှာ ထိပ်ဆုံးမှရပ်တည်
Published 29 January 2018

ရန်ကုန်မြို့ရှိ အိမ်ခြံမြေအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား၊ ကုန်ထုတ်လုပ်မှု၊ တယ်လီကွန်းနှင့် အိမ်ခြံမြေ စသည့် ကဏ္ဍကြီးငါးခုမှာ ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

“ဘယ်ကဏ္ဍတွေမှာ ထိပ်ဆုံးကဝင်လဲဆိုတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား၊ ကုန်ထုတ်လုပ်မှု၊ တယ်လီကွန်းနဲ့ အိမ်ခြံမြေကဏ္ဍ ဒီကဏ္ဍကြီးငါးခုက ထိပ်ဆုံးမှာရှိနေတဲ့ ကဏ္ဍတွေဖြစ်ပါတယ်။ နိုင်ငံအလိုက်ကြည့်ရင်တော့ ခုချိန်အထိ တရုတ်နိုင်ငံက ထိပ်ဆုံးမှာရှိတယ်။ ဒုတိယက စင်ကာပူ၊ တတိယက ထိုင်းနိုင်ငံ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလားအလာ အကောင်းဆုံးကဏ္ဍများအဖြစ် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ အိမ်ခြံမြေကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ဝင်ရောက်မြှုပ်နှံရန်အတွက် နိုင်ငံတကာမှ လုပ်ငန်းရှင်များက စိတ်ဝင်စားမှု မြင့်တက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် ဘယ်ကဏ္ဍတွေမှာ စိတ်ဝင်စားမှုများလဲဆိုရင် လတ်တလောမှာ ကုန်ထုတ်လုပ်မှုကဏ္ဍကို စိတ်ဝင်စားမှု အများဆုံးပါပဲ။ အထူးသဖြင့် အလုပ်သမား အများအပြား ခန့်နိုင်တဲ့လုပ်ငန်းတွေကို MIC အနေနဲ့ ဒါကို Promote လုပ်နေပါတယ်။ နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက်၊ ကျွန်တော်အပြင်ထွက်သွားပြီး Promote လုပ်ရင်လည်း အလုပ်သမား အများအပြား ခန့်နိုင်တဲ့လုပ်ငန်းတွေကို ဦးစားပေးပါတယ်။ အဓိက,က Low Technology နဲ့ Labour Intensive ကို အဓိက လုပ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

“နောက်တစ်ချက်က Food Processing နဲ့ပတ်သက်ပြီး အလားအလာ အများကြီးကောင်းလာမယ်။ AEC ရဲ့အကျိုးဆက်ပေါ့၊ ကျွန်တော်တို့ရဲ့ Market Access ပေါ့။ အဲဒါကြောင့် Food Processing ကဏ္ဍမှာ ပိုပြီးအားကောင်းလာမယ်။ ဆက်ပြီးအားကောင်းလာမယ့် ကဏ္ဍက အိမ်ခြံမြေကဏ္ဍနဲ့ တယ်လီကွန်း ဆက်သွယ်ရေးကဏ္ဍတို့ ဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။

ကုမ္ပဏီဥပဒေသစ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ငွေများစီးဝင်လာခြင်း၊ ကွန်ဒိုမီနီယံနှင့် ပတ်သက်သည့် နည်းဥပဒေထွက်ရှိလာခြင်းကြောင့် ကာလအတန်ကြာ အေးစက်နေသည့် အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွင် ဆက်သွယ်ရေးကဏ္ဍမှ အများဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် အတွင်းတွင်လည်း တယ်လီကွန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆက်လက် အားကောင်းနေမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်နေပြီး အထူးသဖြင့် အာဆီယံနိုင်ငံများ၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ အဓိက စိတ်ဝင်စားမှု မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent