အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကရင်ပြည်သူလူထုနှင့်အတူ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လူမှုအဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း KNU (ကရင်အမျိုးသားအစည်းအရုံး) ထုတ်ပြန်

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကရင်ပြည်သူလူထုနှင့်အတူ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လူမှုအဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း KNU (ကရင်အမျိုးသားအစည်းအရုံး) ထုတ်ပြန်
Published 29 January 2018

ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ ပြုလုပ်ခဲ့သည့် KNU ကရင်အမျိုးသားအစည်းအရုံး၏ ဒုတိယအကြိမ် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးကို တွေ့ရစဉ် (Photo- Karen National Union HQ Facebook)

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကရင်ပြည်သူလူထုနှင့်အတူ အခြားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လူမှုအဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည့် KNU (ကရင်အမျိုးသားအစည်းအရုံး) (၁၆) ကြိမ်မြောက် ကွန်ဂရက်အပြီး ဒုတိယအကြိမ် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် KNU (ကရင်အမျိုးသားအစည်းအရုံး)(၁၆) ကြိမ်မြောက်ကွန်ဂရက်အပြီး ဒုတိယအကြိမ် အမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ ဗဟိုအမြဲတမ်း ကော်မတီဝင် ၅၅ ဦးရှိသည့်အနက် ကော်မတီဝင် ၄၈ ဦးနှင့်အတူ ဖိတ်ကြားခံရသည့် ခေါင်းဆောင်သုံးဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အရေးပေါ်အစည်းအဝေးတွင် KNU ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် လက်ရှိနိုင်ငံရေး အခြေအနေများ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လူမျိုးအလိုက်ကျင်းပမည့် အဆင့်ဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်း ကိစ္စရပ်များ၊ JMC ဆိုင်ရာ ကိစ္စရပ်များ၊ ကြားကာလဆိုင်ရာ ကိစ္စရပ်များနှင့် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း၊ ဗဟိုအမြဲတမ်းကော်မတီအရေးပေါ် အစည်းအဝေးမှ လက်ရှိဖြစ်ပေါ်လာနိုင်သော နိုင်ငံရေးအခြေအနေများအရ ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံရေး ချဉ်းကပ်မှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနှင့်ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အဆင့်ဆင့် ကျင်းပနိုင်ရေးအတွက် PPST အစည်းအဝေးမှ ဆုံးဖြတ်ထားသော သဘောထား ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာနှင့် ပတ်သက်၍ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍများအတွက် နားလည်မှုပိုမိုရရှိရန် အလွတ်သဘော ဆွေးနွေးပွဲများမှတစ်ဆင့် သက်ဆိုင်သည့် အစုအဖွဲ့များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ပိုမိုကောင်းမွန်သည့် ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်သည့်လုပ်ငန်းများ ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်ရာ JMC ဆိုင်ရာ KNU ကိုယ်စားလှယ်များအကြား JMC အကောင်အထည်ဖော်မှုဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးတစ်ရပ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပ ပြုလုပ်နေစဉ်ကာလအတွင်း တိုးတက်ကောင်းမွန်သည့် နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ မရရှိမီစပ်ကြား မိမိတို့အဖွဲ့အစည်း၏ ချမှတ်ထားသော နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပြီး NCA ကို အခြေခံသည့် ကြားကာလဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆောင်ရွက်မှုများနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး KNU-ကရင် အမျိုးသားအစည်းအရုံးအနေဖြင့် ၁၆ ကြိမ်မြောက်ကွန်ဂရက်မှ ချမှတ်ထားသော ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ထားရှိသော သဘောထားများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ စစ်မှန်သောငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတွင် သက်ဆိုင်သူ အင်အားစုများ အကြား တွေ့ဆုံညှိနှိုင်း ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ်တို့အား အကောင်အထည်ဖော်ခြင်းနှင့် ဆက်လက်ပြုလုပ်မည့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်ချောမောစွာ ကျင်းပနိုင်ရေးအတွက် ကရင်ပြည်သူလူထုနှင့်အတူ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လူမှုအဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent