ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၈၆ လုံး ဆောက်လုပ်မည်

ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၈၆ လုံး ဆောက်လုပ်မည်
Published 29 January 2018

ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၈၆ လုံး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီ ၂၇ ရက်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် လူမှုအသိုင်းအဝိုင်းတစ်ရပ် ဖြစ်စေရေးကို မူဝါဒအသစ်များ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးတိုင်းသည် ဆုံးရှုံးမှုရှိပြီး ကြီးမားပါက ပြန်လည်ထူထောင်ရေးတွင် နစ်နာမှုအဆမတန်ရှိကြောင်း၊ ထို့ကြောင့် သဘာဝဘေးကို ရင်ဆိုင်နိုင်ရန် အသင့်ဖြစ်မှုအတွက် ဆောင်ရွက်ထားရှိခြင်းသည် အကျိုးအမြတ် သေချာသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုအပိုင်းသည် အရေးကြီးသဖြင့် ပြည်သူတို့၏ ဆန္ဒနှင့်လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်မှုလုပ်ငန်းများတွင်လည်း ပြည်သူများပူးပေါင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီး၏ သဘာဝဘေးထိခိုက်ခံရသည့် ဒေသတစ်ခုဖြစ်သည့် အတွက် ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်စေရေးကို ကြိုတင်ပြင်ဆင်ထားရှိရန်လိုကြောင်း ပြောကြားသည်။

Most Read

Most Recent