ဟင်္သာတနှင့် ပုသိမ်အကြား ရေကျော်သည့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရန် ဘဏ္ဍာငွေ ကျပ် ၁၇၈ သန်း အသုံးပြုမည်

ဟင်္သာတနှင့် ပုသိမ်အကြား ရေကျော်သည့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရန် ဘဏ္ဍာငွေ ကျပ် ၁၇၈ သန်း အသုံးပြုမည်
Published 29 January 2018

ဟင်္သာတနှင့် ပုသိမ်အကြား ရထားလမ်းပိုင်း ရေကျော်သည်ကို ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မြို့ပြဌာန)

ဟင်္သာတနှင့် ပုသိမ်ကြားရှိ ရေကျော်သည့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရန် ဘဏ္ဍာငွေ ကျပ် ၁၇၈ သန်း အသုံးပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရန် စတင်စီမံနေပြီဖြစ်ပြီးလာမည့် မိုးတွင်းကာလ မတိုင်ခင်အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အသုတ်နဲ့ပုသိမ်ကြားဆိုရင် မိုးတွင်းဘက် ရေကြီးတဲ့အခါမှာ ရေမြှပ်တဲ့နေရာရှိတယ်။ ရထားသံလမ်းရဲ့အပေါ်ကို ခြောက်လက်မရေတက်လာပြီဆိုရင် ဒီရထားလမ်းကို ပိတ်လိုက်ရတယ်။ အဲဒီအနေအထားရှိတဲ့အတွက် လက်ရှိရထားသံလမ်းရဲ့ Top Level ကနေ တစ်ပေနဲ့ သုံးလက်မမြှင့်ဖို့ရှိပါတယ်။ အဲဒါကတော့ ပြည်ထောင်စုအစီအစဉ်နဲ့ လုပ်နေတာ။ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်မှာလည်းပါပြီးတော့ ရထားလမ်းပိုင်းကို အဆင့်မြှင့်ဖို့စပြီး ဆောင်ရွက်နေပါပြီ” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဆိုသည်။

အဆိုပါလုပ်ငန်း၌ ယိုးဒယားတက်-ဂုန်မင်းကြား ရထားလမ်းပိုင်းအတွက် ဘဏ္ဍာငွေ ၈၁ သန်း၊ ဂုန်မင်း-ဒါးကကြား ရထားလမ်းပိုင်းအတွက် ဘဏ္ဍာငွေ ၉၇ သန်း အသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၉) မှ အင်ဂျင်နီယာမှူးက ပြောကြားသည်။

“ယိုးဒယားတက်-ဂုန်မင်းဘူတာကြား မိုင်တိုင် ၁၆၀/၇ ကနေ ၁၆၃/ ၁၀ အထိ နှစ်စဉ် တာဘောင်တွေ ရေကျော်တာပေါ့။ ရေကျော်တဲ့တာဘောင်တွေကို တစ်ပေ သုံးလက်မ ကျောက်ကြီးတွေခုပြီးတော့ သံလမ်းကို အဆင့်မြှင့်တင်မှာပေါ့။ မိုးမတိုင်ခင်မှာ  လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားမှာပါ။ အရင်နှစ်တွေက ရေကျော်တဲ့အတွက် ရထားလမ်းကို ပိတ်ခဲ့ရပါတယ်။ ရထားပြေးဆွဲမှု ရပ်တန့်ခဲ့ရတယ်။ အခုလိုအဆင့်မြှင့်တင်လိုက်မယ်ဆိုရင် ရေကျော်တာ သံလမ်းကို မကျော်တဲ့အတွက် ရထားမပိတ်တော့ဘဲ အမြဲတစေခရီးသွားလာလို့ရမယ့် အနေအထား ဖြစ်သွားပါမယ်” ဟု မြန်မာ့မီးရထား တိုင်း (၉) မှ အင်ဂျင်နီယာမှူး (မြို့ပြ) ဦးအောင်အောင်ထွန်းက ပြောကြားသည်။

ဟင်္သာတနှင့် ပုသိမ်ကြား အဆိုပါရထား လမ်းပိုင်း၌ အမြင့်ဆုံးစံချိန်အဖြစ် ၂၀၁၅-၂၀၁၆ တွင် သံလမ်းအထက် ငါးပေသုံးလက်မအထိ ရေကျော်ခဲ့ပြီး တစ်လနှင့် ရက် ၂၀ ကြာ မီးရထားပြေးဆွဲမှု ရပ်တန့်ခဲ့ရသည်။

ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်ပြီး လက်ရှိတွင် တွဲဆိုင်း ခြောက်ဆိုင်း ရထားရှစ်စင်း နေ့စဉ် ပြေးဆွဲလျက်ရှိကြောင်း မီးရထားဌာနထံမှ သိရသည်။

Most Read

Most Recent