ဦးဝင်းထိန်အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ စီအီးစီအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဦးဉာဏ်ဝင်း ပြောကြား

ဦးဝင်းထိန်အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ စီအီးစီအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဦးဉာဏ်ဝင်း ပြောကြား
Published 29 January 2018

ဦးဝင်းထိန်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စီအီးစီအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက သတင်းထောက်များအား ပြောကြားသည်။

ဇန်နဝါရီ ၂၈ ရက်တွင် နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လစဉ်ပြုလုပ်နေကျ စီအီးစီအစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်တစ်ဦးက ဦးဝင်းထိန်အနေဖြင့် ပါတီတွင် စီအီးစီအဖြစ်ဆက်လက် ရှိနေပါသလား။ သူ့အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲဟု မေးမြန်းချက်ကို ဦးဉာဏ်ဝင်းက “ဒီနေ့အစည်းအဝေးက ပုံမှန်အစည်းအဝေးပါ။ အထူးအစည်းအဝေးလည်း မဟုတ်ပါဘူး။ လစဉ်ကျင်းပနေကျ ပုံမှန်အစည်းအဝေးပါ။ အဓိကဆွေးနွေးတာကလည်း ပါတီတွင်းကိစ္စတွေပါ။ ပါတီတွင်းကိစ္စကတော့ မျိုးစုံရှိတာပေါ့။ အခုအချိန်အထိ ဦးဝင်းထိန်က စီအီးစီအဖြစ် ရှိနေပါတယ်။ ကျွန်တော်တို့ဆီတော့ ခွင့်မရောက်ဘူး။ ကျွန်တော်သိတာက သူရှိတယ်။ ခွင့်မရောက်ဘူး။ သူတခြားကို ခွင့်တိုင်တာမတိုင်တာ ကျွန်တော်မသိဘူး။ သူ့အခန်း ကဏ္ဍနှင့်ပတ်သက်ပြီး သူပဲသိမယ်။ ကျွန်တော်မသိဘူး။ ဒီနေ့အစည်းအဝေးမှာတော့  သူ့အကြောင်းမဆွေးနွေးဘူး။ လူတော့မရှိဘူး။ စီအီးစီအဖြစ် ရှိနေသေးတယ်။ စီအီးစီ အဖွဲ့အနေနဲ့တော့ ဒီနေ့ဆွေးနွေးတာမှာ သူ့အကြောင်းမပါဘူး” ဟု ပြောကြားသည်။

လက်ရှိတွင် ဦးဝင်းထိန်အနေဖြင့် ဇန်နဝါရီလအတွင်း ၎င်း၏သား မင်္ဂလာဆောင်ပြီးသည့်နောက်တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ဆေးကုသရန် သြစတြေးလျနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ဝန်ကြီးချုပ် အပြောင်းအလဲ ဆက်လက်ရှိနိုင်ပါသလားဆိုသည့် မေးမြန်းမှုအပေါ်တွင်လည်း ဦးဉာဏ်ဝင်းက “ဝန်ကြီးချုပ် အပြောင်းအလဲကတော့ အခုထိမရှိသေးဘူး။ မရှိဘူးပြောတာမဟုတ်ဘူး။ ဦးမန်းဂျော်နီကတော့ ခွင့်တင်ထားပါတယ်” ဟု ပြောကြားသည်။

ကိုယ်စားလှယ်များကိုတိုင်ကြားထားမှု အနေဖြင့် လူဦးရေ ၁၀၀ ကျော်ရှိကြောင်း၊ စုံစမ်းစစ်ဆေးခြင်း လုပ်မလား မလုပ်ဘူးလားဆိုပြီး ပထမစဉ်းစားကြောင်း၊ လုပ်ရန်လိုအပ်ပါက ဘာလုပ်မှာလဲ။ လုပ်ဖို့လိုတယ်ဆိုရင် ဘယ်သူ့ကိုစစ်မှာလဲ။ မည်သည့်သက်သေစစ်မှာလဲ စသည်ဖြင့် တရားရုံးပုံစံဖြင့် သွားမည်ဖြစ်ကြောင်း၊ တိုင်ကြားစာ ၁၀၀ ကျော်တွင် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အစုံဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဝင်များကို တိုင်ကြားထားမှုအား မတွေ့မိကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအတွက်  ဆွေးနွေးခြင်းမရှိကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ပြီးခဲ့တဲ့တစ်လအတွင်းမှာ ဘာတွေလုပ်ထားခဲ့တယ်ဆိုတာ ဒါတွေဆွေးနွေးတာပေါ့။ အဓိကအကြောင်းအရာတွေကတော့ နယ်မှာရှိတဲ့အကြောင်းအရာတွေက ဘာတွေလဲပေါ့။ ပါတီစည်းကမ်းနဲ့ပတ်သက်လို့ ပါတီကို တိုင်လာတဲ့ဟာတွေက ဘာတွေလဲပေါ့။ ဒါပါပဲ။ ဦးဝင်းထိန်ကိစ္စတော့ မဆွေးနွေးဖြစ်ပါဘူး။ ဒီအချိန်အထိတော့ CEC အဖြစ် ရှိနေတုန်းပါပဲ။ အဲဒီ CEC ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ မဆွေးနွေးပါဘူး။ တိုင်ကြားစာဌာနကတော့ သူတို့ဘာတွေလုပ်ထားတယ်ဆိုတာ လောက်ပဲတင်ပြတာပါ။ အရေးယူမှုအပိုင်းကတော့ ဒေါက်တာမျိုးညွန့်ပဲ မေးကြည့်လိုက်ပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ဦးဟံသာမြင့်က “ဒီနေ့အစည်းအဝေးကတော့ အဖွဲ့ချုပ်ထဲကကိစ္စတွေပါပဲ။ စည်းကမ်းထိန်းသိမ်းရေးကိစ္စတို့၊ ကျန်တဲ့ကိုယ်စားလှယ် ကိစ္စတို့ ဒါတွေပါပဲ။ ဝန်ကြီး၊ ဝန်ကြီးချုပ်အပြောင်းအလဲနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အထဲမှာ မပါဘူး။ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဘာမှမဆွေးနွေးပါဘူး။ ပါတီက အဲဒါတွေထဲ မပါပါဘူး” ဟု ပြောကြားသည်။

Most Read

Most Recent