ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံသားများ၏ သဘောထားအမြင် စစ်တမ်းကောက်ယူရာ ပြည်နယ်များမှ ဖြေဆိုသူထက်ဝက်နီးပါးက ငြိမ်းချမ်းရေးဖြစ်စဉ် နှေးလွန်းသည်ဟု ထင်မြင်ကြကြောင်း ‘နိုင်ငံသားများ၏ ဒီမိုကရေစီ မျှော်မှန်းချက်ဆိုင်ရာ သဘောထားအမြင်စစ်တမ်းတွင်’ ဖော်ပြ

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံသားများ၏ သဘောထားအမြင် စစ်တမ်းကောက်ယူရာ ပြည်နယ်များမှ ဖြေဆိုသူထက်ဝက်နီးပါးက ငြိမ်းချမ်းရေးဖြစ်စဉ် နှေးလွန်းသည်ဟု ထင်မြင်ကြကြောင်း ‘နိုင်ငံသားများ၏ ဒီမိုကရေစီ မျှော်မှန်းချက်ဆိုင်ရာ သဘောထားအမြင်စစ်တမ်းတွင်’ ဖော်ပြ
Published 29 January 2018

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံသားများ၏ သဘောထားအမြင်စစ်တမ်း ကောက်ယူရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြေဆိုသူအားလုံး၏ ထက်ဝက်ကျော်သည် လက်ရှိငြိမ်းချမ်းရေး အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို သိရှိကြပြီး ငြိမ်းချမ်းရေးဖြစ်စဉ်သည် မှန်ကန်သည့်လမ်းကြောင်း၊ မှန်ကန်သည့်နှုန်းဖြင့် အကောင်အထည်ဖော်နေသည်ဟု ထင်မြင်ကြသော်လည်း ပြည်နယ်များမှ ဖြေဆိုသူ ထက်ဝက်နီးပါးကမူ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှေးလွန်သည်ဟု ထင်မြင်ကြကြောင်း “နိုင်ငံသားများ၏ ဒီမိုကရေစီ မျှော်မှန်းချက်ဆိုင်ရာ သဘောထားအမြင်စစ်တမ်း” တွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၂ ခုနှစ်ကတည်းက တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြန်လည်စတင်ခဲ့သည့် ငြိမ်းချမ်းရေးဖြစ်သည် ငါးနှစ်ခန့်ကြမြင့်ပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် အာဏာရလာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရအနေဖြင့် ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်ဟုကြေညာပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတွက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “နိုင်ငံသားများ၏ ဒီမိုကရေစီမျှော်မှန်းချက်ဆိုင်ရာ သဘောထားအမြင်စစ်တမ်းတွင်” ကဏ္ဍတစ်ခုအဖြစ် နိုင်ငံသားများ၏ သဘောထားအမြင်စစ်တမ်းကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရနှင့် ရွေးကောက်ခံကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်များနှင့် ပတ်သက်၍လည်း နိုင်ငံသားများ၏ သဘောထားအမြင်စစ်တမ်းကို ကောက်ယူခဲ့ရာ ယေဘုယျအားဖြင့် ဖြေဆိုသူ သုံးပုံတစ်ပုံကသာ ကောင်းမွန်သည်ဟု ဖြေဆိုကြပြီး တိုင်းဒေသကြီးများမှ ဖြေဆိုသူများနှင့် နှိုင်းယှဉ်ပါက ပြည်နယ်များမှ ဖြေဆိုသူများသည် အစိုးရ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့်ပတ်သက်၍ ကျေနပ်မှုပိုမိုနည်းပါးကြသည်ကို တွေ့ရကြောင်း၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ဖြေဆိုသူများ၏ အဓိကအကြံပြုချက်မှာ ၎င်းတို့အနေဖြင့် ဒေသဆိုင်ရာ ပြဿနာများကို ယခုထက်ပိုမိုနားလည်လာရေးပင်ဖြစ်ကြောင်း စစ်တမ်းတွင်ထည့်သွင်း ဖော်ပြထားသည်။

ထို့အတူ ဒီမိုကရက်တစ်လုပ်ထုံးလုပ် နည်းယန္တရားများတွင် လက်ရှိနိုင်ငံရေး အင်စတီကျူးရှင်းများသည် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများကို အားမခံပေးထားသည်ဆိုသည့်အချက်ကို သဘောတူသည့် ဖြေဆိုသူ ထက်ဝက်အောက်ရှိပြီး ပြည်နယ်များမှ ဖြေဆိုသူများက အဆိုပါအာမခံချက် ပေးထားသည်ဆိုသည့်အချက်ကို သဘောတူညီမှုနည်းပါးသည်ကို တွေ့ရကြောင်းလည်း စစ်တမ်းအရ သိရသည်။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကဏ္ဍတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အခြေခံဒီမိုကရေစီစံနှုန်းများ၊ တိုင်းဒေသကြီး / ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အခြေခံလူ့အခွင့်အရေးများကို အာမခံချက် ပေးထားမှု ရှိ၊ မရှိနှင့် ပတ်သက်၍ နိုင်ငံသားများ သဘောထားအမြင်ကို မေးမြန်းရာအာ မခံချက်ပေးထားသည်ကို သဘောတူသည့် သူထက်ဝက်ခန့်ရှိပြီး အဆိုပါအကြောင်းအရာကို မသိသူအရေအတွက် သိသိသာသာ များပြားသည်ကို တွေ့ရကြောင်း၊ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီရန် အခြေခံဥပဒေပြု ပြင်ပြောင်းလဲရေးကို ပြုလုပ်ရမည်ဟု ထောက်ခံသဘောတူသူ အများအပြားရှိသည်ကိုလည်း တွေ့ရကြောင်း စစ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင် ကူးပြောင်းမှုတွင် ပါဝင်ပတ်သက်နေကြသူများ အနေဖြင့် နိုင်ငံသားများ၏ ပကတိအခြေအနေမှန်ကို သိမြင်ကာ နိုင်ငံသားများ၏ အမှန်တကယ် လိုအပ်ချက်များနှင့် ကိုက်ညီသည့် မူဝါဒများ၊ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်၍ “နိုင်ငံသားများ၏ ဒီမိုကရေစီမျှော်မှန်းချက်ဆိုင်ရာ သဘောထားအမြင်စစ်တမ်း” တွင် စစ်တမ်းကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု PACE အဖွဲ့ကောက်ယူခဲ့ခြင်းဖြစ်ပြီး စစ်တမ်းကောက်ယူမှုကို၂၀၁၇ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်တမ်းကောက်ယူရာတွင် နိုင်ငံကာ သုတေသနလုပ်ငန်းများ၌ ကျင့်သုံးနေသည့် စာရင်းအင်းနည်းပညာကို အသုံးပြု၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုစလုံးမှ မြို့နယ်ပေါင်း ၂၅၄ မြို့နယ်တွင် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှု စုစုပေါင်း ၂၈၀၈ ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု PACE အဖွဲ့သည် အစိုးရမဟုတ်သည့် လွတ်လပ်သည့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်ပြီး၊ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပြည်သူပြည်သားများ၏ အခွင့်အရေးကို ကာကွယ်ခြင်းနှင့် ၎င်းတို့ကိုယ်တိုင်ပါဝင် လှုပ်ရှားလာရေးတို့ကိုမြှင့်တင်ခြင်းဖြင့် မြန်မာ နိုင်ငံတွင် ဒီမိုကရေစိအင်စတီကျူးရှင်းများ ပိုမိုအားကောင်းခိုင်မာလာရေးအတွက် ရည်မှန်း၍ ၂၀၁၃ ခုနှစ်တွင် စတည်တည်ထောင်ခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Most Read

Most Recent