မြောက်ဦးဖြစ်စဉ်အတွင်း လူအသေအပျောက်များခဲ့သည့် ပစ်ခတ်နှိမ်နင်းမှုအပေါ် ထိရောက်စွာ အရေးယူပေးရေး၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အမြန်ဆုံးပြန်လွှတ်ပေးရေး ကျောက်တော်မြို့တွင် ရခိုင်ဒေသခံ ၃၀၀ ကျော် ဆန္ဒပြ

မြောက်ဦးဖြစ်စဉ်အတွင်း လူအသေအပျောက်များခဲ့သည့် ပစ်ခတ်နှိမ်နင်းမှုအပေါ် ထိရောက်စွာ အရေးယူပေးရေး၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အမြန်ဆုံးပြန်လွှတ်ပေးရေး ကျောက်တော်မြို့တွင် ရခိုင်ဒေသခံ ၃၀၀ ကျော် ဆန္ဒပြ
Published 29 January 2018

ဇန်နဝါရီ ၂၈ ရက်က ကျောက်တော်မြို့တွင် ရခိုင်ဒေသခံ ၃၀၀ ကျော် ဆန္ဒပြနေမှုကို တွေ့ရစဉ်

မြောက်ဦးသွေးမြေကျမှု၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် (ခ)အောင်ကျော်ဝင်းအား ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ ကျောက်တော်မြို့တွင် လူထုအင်အား ၃၀၀ ကျော်က ဇန်နဝါရီ ၂၈ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုအား မွန်းလွဲ ၁ နာရီတွင် စုရပ်ဖြစ်သော မြို့နယ်သာသနာ့ဗိမာန်တွင် ဟောပြောမှု စတင်ပြုလုပ်ခဲ့ပြီး ထို့နောက် မြိုတစ်ပတ်စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူဦးကျော်လှမြင့်က “ကျွန်တော်တို့ဒီကနေ့ ဆန္ဒပြရတာက မြောက်ဦးသွေးမြေကျမှု၊ ဒေါက်တာအေးမောင်ကို ဖမ်းဆီးထားမှု၊ ပရဟိတသမားစာရေးဆရာ ဝေဟင်အောင်ကိုဖမ်းဆီးထားမှု ဒီသုံးခုကိုရည်ရွယ်ပြီးတော့ ပြရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သော ဒေါ်နွဲ့နွဲ့ဇော်က “ကျွန်မအဓိကလိုချင်တာကတော့ ဒေါက်တာအေးမောင်ကို အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ ကျွန်မတို့ရဲ့ စားဝတ်နေရေး အခြေအနေတွေကို ဒေါက်တာအေးမောင်က စောင့်ရှောက်ပေးတယ်လို့ ကျွန်မရင်ထဲမှာ ခံစားရပါတယ်။ အခု ဒေါက်တာအေးမောင်ကို အမြန်ဆုံးလွှတ်ပေးရေးကို ကျွန်မတို့ တောင်းဆိုပါတယ်။ ဒေါက်တာအေးမောင်ဆိုတာ ကျွန်မတို့ရဲ့ အဖေလည်းဖြစ်တယ်။ အဖေပဲ၊ သူ့ကိုချုပ်ထားမယ်ဆိုရင် ကျွန်မတို့က နောက်ထပ်ပြီးလည်း ဆန္ဒပြမှာပဲ။ အခုမြောက် ဦးကိစ္စမှာလည်း သူတို့ဘက်ကလွန်တယ်ဆိုတာ ကျွန်မတို့သိတယ်။ အဲဒါကြောင့် အဖြေမှန်ကို အမြန်ဆုံးထုတ်ဖော်ပေးပါ။ ဒါပဲကျွန်မတို့ တောင်းဆိုချင်ပါတယ်” ဟု ပြောကြားသည်။

“မြောက်ဦးကိစ္စမှာ လူငယ်တွေဆန္ဒပြတာကို ဒီမိုကရေစီလုပ်ထုံးလုပ်နည်းအရ ပထမဆုံးဟန်းစပီကာနဲ့ တားဆီးမယ်။ နောက်တစ်ချက်က မီးသတ်ပိုက်နဲ့လူစုခွဲမယ်။ နောက်တစ်ဆင့်က မျက်ရည်ယိုဗုံးနဲ့လူစုခွဲမယ်။ နောက်တစ်ဆင့်မှ ရော်ဘာကျည်ဆန်ကို သုံးလေ့သုံးထရှိတယ်။ အဲဒါတွေကို မလုပ်ပဲနဲ့ တစ်ခါတည်း ပစ်သတ်လိုက်တော့ ကျွန်တော်တို့လူထု အနေနဲ့ခံစားရတာပေါ့။ ဒါကြောင့်မြောက်ဦး အရေးအခင်းကို မကျေနပ်လို့ ဆန္ဒပြတာဖြစ်ပါတယ်။ အပြစ်မရှိတဲ့ ကလေးတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့အတွက် ပြည်နယ်အစိုးရမှာလည်း တာဝန်ရှိသလို ပြည်ထောင်စုအစိုးရမှာလည်း တာဝန်အများကြီးရှိပါတယ်။ ဒီဖြစ်စဉ်ကို အမှန်ပေါ်ပေါက်အောင်ခုံရုံး အဆင့်ဆင့်စစ်ဆေးပြီးတော့ ဖြစ်စဉ်အမှန်ကို လိုချင်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင် သူကျောက်တော်မြို့ခံ ဦးသန်းဌေးမောင်က ပြောကြားသည်။

စီတန်းလှည့်လည်ရာတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး ၊ မြောက်ဦးအကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းမှု အားရှုတ်ချသည်။ မြောက်ဦးအကြမ်းဖက် သတ်ဖြတ်မှုများအား ထိရောက်စွာအရေးယူပေးရေး၊ ဒေါက်တာအေးမောင်အား အမြန်ဆုံးပြန်လွှတ်ပေးရေး၊ စာရေးဆရာဝေဟင်အောင်အား အမြန်ဆုံးပြန်လွှတ်ပေးရေး၊ မြောက်ဦးအရေးအခင်းကိစ္စနှင့် လူငယ်များအား ဖမ်းဆီးခြင်းကို ချက်ချင်းရပ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုအလေးထားလျှင် ရခိုင်ပြည်သူတောင်းဆိုမှုကို အစိုးရမှ လိုက်နာပါစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ကိုင်ဆောင်သည့် ပိုစတာများတွင် မြောက်ဦးအကြမ်းဖက်သတ်ဖြတ်မှုကို အစိုးရမှ ထိထိရောက်ရောက်ဥပဒေအရ ဖော်ထုတ်အရေးယူဆောင်ရွက်ပေးရန်၊ ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင်အား ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန်၊ စာရေးဆရာ ဝေဟင်အောင်အား ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန်၊ မြောက်ဦးအရေးအခင်း ကိစ္စနှင့်လူငယ်များကို ဖမ်းဆီးခြင်းအား အစိုးရမှချက်ချင်းရပ်တန့်ပေးရန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုအလေးထားလျှင် ရခိုင်လူထုတောင်းဆိုချက်များကို အစိုးရမှလိုက်နာပါ စသည့်စာတမ်းများ ရေးသားထားသည့် ပိုစတာများအား ကိုင်ဆောင်ကာ မြို့တစ်ပတ်လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ အလားတူ ဇန်နဝါရီ ၂၂ ရက်က မာန်အောင်မြို့တွင် လူထုအင်အား ၁၅၀ ခန့်တို့က ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော လူစုလူဝေးအား အသက်သေဆုံးအောင်အထိ သေနတ်ပစ်ခတ်မှုလုပ်ရပ်ကို ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက ရသေ့တောင်မြို့တွင် ဟောပြောခဲ့မှုနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်သည် ဇန်နဝါရီ ၁၈ ရက်က စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခံခဲ့ရပြီး ယင်းမတိုင်မီ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ရသေ့တောင်မြို့တွင် မေယုရင်သွီး လူမှုကူညီရေးအသင်းက ကြီးမှူးကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနား စာပေဟောပြောပွဲတွင် ဟောကြားမှုများနှင့် ပတ်သက်ပြီး ထိုသို့ဖမ်းဆီးရခြင်းဖြစ်ကြောင်းနှင့် ဟောပြောပွဲတွင် ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့ ဟောပြောခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၁၆ ရက်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်းရာကုန်းတွင် (၂၃၃)နှစ် မြောက်ရခိုင့် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မည့်အစီအစဉ်ကို အာဏာပိုင်များမှ တားမြစ်ပိတ်ပင်မှုအပေါ် ကျင်းပခွင့်ရရှိရေး မြို့လူထုမှ ဆန္ဒထုတ်ဖော်ရာတွင် အာဏာပိုင်များဘက်မှ အင်အားသုံး၍ လူထုကို သေစေနိုင်သော လက်နက်များဖြင့် ဖြိုခွဲမှုတွင် ဒဏ်ရာရရှိသူ ၁၂ ဦးနှင့် သူခုနစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

Most Read

Most Recent