<

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ လမ်းညွှန်မှုအရ Power Eleven ကုမ္ပဏီနှင့် YBS (၃၉) ယာဉ်လိုင်းပိုင်ရှင်များအစုအဖွဲ့ ပူးပေါင်း

ရန်ကုန်မြို့လယ်တွင် သွားလာနေသော YBS ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၏ လမ်းညွှန်မှုအရ Power Eleven ကုမ္ပဏီနှင့် ယာဉ်ပိုင်ရှင်များ အစုအဖွဲ့တို့ ပူးပေါင်းခဲ့ကြောင်း Power Eleven Public Co.,Ltd ၏ ဇန်န၀ါရီ ၂၇ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ လမ်းညွှန်မှုအရ ကောင်းမွန်သော ၀န်ဆောင်မှုပေးနိုင်သည့် သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ပေါ်လာစေရေး Power Eleven Public Co.,Ltd နှင့် ၃၉ ယာဉ်ပိုင်ရှင်များအစုအဖွဲ့ YBS (၃၉) ယာဉ်လိုင်း အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့မှုအတွက် အောင်မြင်မှုအထိမ်းအမှတ်ပွဲကို ဇန်န၀ါရီ ၂၇ ရက်က Power Eleven Public Co.,Ltd ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ်ပွဲတွင် Power Eleven Public Co.,Ltd မှ တာဝန်ရှိသူများ နှင့် ၃၉ ယာဉ်ပိုင်ရှင်များ အစုအဖွဲ့မှ တာဝန်ရှိသူတို့သည် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများ ပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“မြောက်ပိုင်းခရိုင်ကို အခြေပြုပြီးတော့ စုပေါင်းပြီး ပြေးဆွဲမယ်။ ပူးပေါင်းပြီးတော့ အလုပ်တွေလုပ်မယ်ဆိုတဲ့ အနာဂတ်မျှော်မှန်းချက်နဲ့ အစိုးရရုံးကို စာတင်တယ်။ ကျွန်တော်တို့ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မယ်ဆိုပြီးတော့ တင်ပြတယ်။ အစိုးရရုံးကလည်း ခွင့်ပြုတယ်” ဟု Power Eleven Public Co.,Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောကြားသည်။

YBS (၃၉) သည် ယာဉ်ပိုင်ရှင်များဦး ဆောင်ပြီးအစုအဖွဲ့နှင့် လုပ်ဆောင်ခဲ့ပြီး ယခင်က မထသ ၄၈ အထူး၊ ၁၂၄ အထူးတို့ကို ပြေးဆွဲခဲ့သည့် ယာဉ်ပိုင်ရှင်များဖြစ်ကြောင်း သိရသည်။

“စီမံခန့်ခွဲမှုအပိုင်းတွေရှိတယ်။ မူဝါဒတစ်ခုပဲ။ အဲဒီ ၃၉ အဖွဲ့က ဥက္ကဋ္ဌရှိတယ်။ ရုံးအဖွဲ့တွေရှိတယ်။ ကျွန်တော်တို့ ကုမ္ပဏီကို လာပူးပေါင်းပြီးတော့ အတူတူအစည်းအဝေးထိုင်၊ အတူတူဆုံးဖြတ်ပြီးတော့ မူဝါဒချမှတ်ပြီးတော့လုပ်ကြတာ။ နောက်ပိုင်း ဒုတိယအဆင့်မှာ ငွေရေးကြေးရေးအရပူးပေါင်းမယ်” ဟု ကိုတရုတ်လေးက ဆက်လက်ပြောကြားသည်။

Power Eleven ကုမ္ပဏီသည် အောင်မြင်သူကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းကာ လူထုမိတ်ဆွေကုမ္ပဏီကို တည်ထောင်ရန် စီစဉ်နေပြီး Foton ယာဉ်သစ်အစီး ၅၀၀ ဖြင့် ယာဉ်လိုင်းအသစ်ကိုးလိုင်း တိုးချဲ့ပြေးဆွဲနိုင်ရန် တင်ပြထားကြောင်း Power Eleven ကုမ္ပဏီမှ သိရသည်။

အောင်မြင်သူကုမ္ပဏီသည် မန္တလေးတွင် ယခင်က ဘတ်စ်ကားလိုင်းပြေးဆွဲဖူးကြောင်း၊ ပူးပေါင်းဖွဲ့စည်းထားသည့် လူထုမိတ်ဆွေကုမ္ပဏီမှ ယာဉ်လိုင်းကိုးလိုင်း ပြေးဆွဲနိုင်ရန် လျှောက်ထားမှုကို ဒီဇင်ဘာလဆန်းပိုင်းက ဆောင်ရွက်ထားကြောင်း၊ ခွင့်ပြုစာမရရှိသေးကြောင်း သိရသည်။

ယာဉ်လိုင်းကိုးလိုင်း လျှောက်ထားမှုအတွက် ယာဉ်သစ်အင်အားမှာ အစီးရေ ၅၀၀ ဖြစ်ပြီး ရွှေပြည်သာ၊ လှော်ကား၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ထောက်ကြန့်မြို့နယ်များဘက်သို့ အဓိကလျှောက်ထားကြောင်း သိရသည်။

ကားအသစ်များ ရောက်ရှိပါက Power Eleven Public Co.,Ltd နှင့် အကျိုးတူ ပူးပေါင်းမည့်ကုမ္ပဏီများတွင် ယာဉ်အစီးရေ ၆၀၀ ၀န်းကျင်ခန့်ရှိမည်ဟု သိရသည်။

YBS ဘတ်စ်ကားစနစ်တွင် ကုမ္ပဏီများ ပူးပေါင်းမှုများ၊ ငွေပေးချေမှုစနစ်အား အဆင့်မြှင့်တင်နိုင်ရန် ဆောင်ရွက်နေမှုများ၊ ဘတ်စ်ကားမှတ်တိုင် အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့၏ အဓိကလမ်းမများပေါ်ရှိ ဘတ်စ်ကားမှတ်တိုင် ၃၅၀ အဆင့်မြှင့်တင်ရန် တင်ဒါရရှိသည့် FMI Decor ကုမ္ပဏီနှင့် ဇန်န၀ါရီ ၂၀ ရက်က စာချုပ်ချုပ်ဆိုခဲ့သည်။

YBS ဘတ်စ်ကားများတွင် အသုံးပြုမည့် ငွေပေးချေမှုစနစ်အတွက် တင်ဒါအောင်မြင်သည့် Excel KC Myanmar Co.,Ltd က အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့၏ ဇန်န၀ါရီ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

January 28, 2018














Copy Protected by Chetan's WP-Copyprotect.