သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသည့် တရားလွှတ်တော်ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်းကိုနေဝင်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဆွမ်းကျွေးရေစက်ချတရားနာ ပြုလုပ်

သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသည့် တရားလွှတ်တော်ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်းကိုနေဝင်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဆွမ်းကျွေးရေစက်ချတရားနာ ပြုလုပ်
Published 29 January 2018

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်းကိုနေဝင်းတို့ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် ဆွမ်းကျွေးရေစက်ချတရားနာ ပြုလုပ်စဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရသည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဆွမ်းကျွေးရေစက်ချတရားနာကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရှိ  KAFE IN TOWN တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တရားလွှတ်တော်ရှေ့နေဦးကိုနီနှင့် ကိုနေဝင်းတို့ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အတွက် သံဃာတော်များက သီလပေးတရားတော်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်များက ရေစက်ချ အမျှဝေခဲ့ကြပြီး ကွယ်လွန်သွားခဲ့ကြသည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့အတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။

“သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားတဲ့အတွက်ကြောင့် မိသားစုအနေနဲ့ဝမ်းနည်းတာအပြင် တရားဥပဒေစိုးမိုးရေးကို တစ်စိတ်တစ်ပိုင်းအတွက် တရားဥပဒေစိုးမိုးရေးနဲ့ ဆက်နွှယ်တဲ့ အခြေခံဥပဒေပိုင်းဆိုင်ရာကို တကယ်သတ္တိရှိရှိ ပြောရဲဆိုရဲတဲ့သူ ဆုံးရှုံးသွားတဲ့အတွက် တိုင်းပြည်အတွက်၊ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက်၊ တရားဥပဒေစိုးမိုးရေးအတွက်ကတော့ အင်မတန် နစ်နာတယ်လို့ပဲပြောရမှာ ဖြစ်ပါတယ်”ဟု တရား လွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်တွင်သေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံခံရမှုမှ ကျူးလွန်သူ ကြည်လင်းနှင့် ပူးပေါင်းပါဝင်သူ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို လက်ရှိတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် တရားစွဲဆိုစစ်ဆေးလျက်ရှိသော်လည်း  တစ်နှစ်ပြည့်သည့် အချိန်အထိ အမှုတွင်အဓိကပါဝင်သူ တရားခံပြေး ကြေညာထားသည့် အောင်ဝင်းခိုင်အား ဖမ်းဆီးမမိသေးခြင်းမှာ ရဲတပ်ဖွဲ့က အာရုံစိုက်ရှာဖွေမှု လျော့နည်းနေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားသည်။

“ဆရာ့အနေနဲ့ပြောရရင် တရားရုံးက ထုတ်ထားတဲ့ဝရမ်းကိုက တာဝန်ကျေဆောင်ရွက်တဲ့အပိုင်းကို တွေ့ရတယ်။ သဘောအားဖြင့် ဝရမ်းကို တစ်နိုင်ငံလုံးကို ရဲပုံစံ ၆၂ နဲ့ ပို့ ရတာတွေရှိတယ်။ ပို့တဲ့ဟာက ပို့နေတာပဲ လမ်းကြုံလို့ ခလုတ်တိုက်လို့ ချော်လဲလို့ မိလို့ဆိုမှ ဖမ်းမယ့်ပုံစံဖြစ်နေတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် မမိမိအောင် ဖမ်းဆီးရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပေါ်ပြီးသား တရားခံဟာ ဗမာပြည်ထဲမှာရှိပါတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထွက်ဆိုချက်တွေအရလည်း ပေါ်တယ်။ မြန်မာနိုင်ငံထဲမှာရှိတဲ့ဟာကို ဘာဖြစ်လို့ ဖမ်းမမိတာလဲ။ ဒီဘက်က ရိုးရိုးရဲတပ် ဖွဲ့ဝင်တွေ၊ စုံထောက်ဘက်က အရာရှိတွေ အဲဒီလူတွေကရော အရည်အချင်းမဲ့နေလို့လား။ အရည်အချင်းမမဲ့ပါဘူး။ မမဲ့တဲ့အတွက် အရည်အချင်းရှိတဲ့သူတွေက ဒီဟာကို ကြိုးစားပမ်းစားနဲ့ အာရုံစိုက်ပြီးတော့ မမိမိအောင် ဖမ်းမယ်ဆိုရင် ဒီတစ်နှစ်အတွင်းမှာ မိကိုမိရမယ်။ ဆရာဘက်ကပြောရရင်တော့ အာရုံစိုက်ရှာဖွေမှု လျော့နည်းတယ်လို့ပြောရမယ်” ဟု ဦးနေလက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဆွမ်းကျွေးရေစက်ချတရားနာတွင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်၊ တရားလွှတ်တော်ရှေ့နေ သန်းဌေး၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးနှင့် တရားလွှတ်တော်ရှေ့နေ ဦးနေလတို့က ဝမ်းနည်းစကားနှင့် မြန်မာနိုင်ငံတရား ဥပဒေစိုးမိုးရေးအခြေအနေနှင့် ဆောင်ရွက်သင့်သည့်ကိစ္စများအား ပြောကြားခဲ့ပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏သမီး ဒေါက်တာယဉ်နွယ်ခိုင်နှင့် ကိုနေဝင်း၏ဇနီး မစုသက်ခိုင်တို့ကလည်း ရင်တွင်းစကားများ ပြောကြားခဲ့ကြသည်။

“ဝမ်းနည်းစကား အမှတ်တရအနေနဲ့ကတော့ ထပ်ပြီးတော့ အလားတူဖြစ်ရပ်မျိုး မဖြစ်ပေါ်အောင် အစွန်းရောက် ဖက်ဆစ်စိတ်ဓာတ်တွေမပေါက်ဖွားအောင် ဝိုင်းဝန်းထိန်းသိမ်းဖို့လိုပါတယ်။ ရာဇဝတ်မှုကို ကျူးလွန်တာက လူကကျူးလွန်တာ ဘာသာကကျူးလွန်တာ မဟုတ်ဘူး။ အာရုံလွဲှလိုတဲ့ ဘာသာရေးအစွန်းရောက်သမားတွေက တစ်ဖက်လက်နဲ့ တရားခံလွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် ဘာသာရေး မှိုင်းတိုက်တာ။ အဲဒီဘာသာရေးလူမျိုးရေးတွေကြောင့် တိုင်းပြည်က ရှေ့သွားရမယ် ခရီးက မသွားဘဲနဲ့ တန့်ရပ်နေတာ။ အဲဒီတော့ ဒီအစွန်းရောက်ပြဿနာကို ဝိုင်းဝန်း ချေမှုန်းနိုင်မှ တိုင်းပြည်တိုးတက်မယ်လို့ ပြောချင်ပါတယ်” ဟု ဦးကိုနီနှင့် ကိုနေဝင်းတို့ ကွယ်လွန်ခြင်း ဝမ်းနည်းစကားအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်းကိုနေဝင်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၊ ရန်ကုန်ရှေ့နေများအသင်းနှင့် မြန်မာနိုင်ငံ မီဒီယာရှေ့နေများကွန်ရက်တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ (ဗဟို) ဥပဒေအထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ၎င်း၏နေအိမ်သို့ပြန်ရန် လေဆိပ် Terminal - 1 ရှေ့ပလက်ဖောင်း၌ မြေးဖြစ်သူကိုချီ၍ရပ်နေစဉ် ဦးကိုနီကို သေနတ်သမားကြည်လင်းက ၉ မမပစ္စတိုသေ နတ်ဖြင့် နောက်မှနေ၍ ဦးခေါင်းအား အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့ခြင်းကြောင့် ဦးခေါင်းဒဏ်ရာဖြင့် လုပ်ကြံခံရသည့်နေရာတွင် ဦးကိုနီမှာ သေဆုံးခဲ့သည်။

ဦးကိုနီအားသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့် ကြည်လင်းအား အငှားယာဉ်မောင်းများနှင့်ပြည်သူများက ခဲများကိုင်ကာ ပြေးလိုက်စဉ် လုပ်ကြံသူသေနတ်သမားက  ပြန်လည်ပစ်ခတ်ခဲ့သဖြင့် လေဆိပ်အငှား ယာဉ်မောင်းဖြစ်သူကိုနေဝင်းမှာ ကျည်ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent