လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်အတွင်း ပြည်ပသို့ ယခင်နှစ်ကာလတူထက် ပဲမျိုးစုံတန်ချိန်တစ်သောင်းခွဲ ပိုမိုတင်ပို့ထားသော်လည်း ပဲဈေးကျဆင်းသည့်အတွက် ဝင်ငွေ ဒေါ်လာသန်း ၄၂၀ နီးပါး လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်အတွင်း ပြည်ပသို့ ယခင်နှစ်ကာလတူထက် ပဲမျိုးစုံတန်ချိန်တစ်သောင်းခွဲ ပိုမိုတင်ပို့ထားသော်လည်း ပဲဈေးကျဆင်းသည့်အတွက် ဝင်ငွေ ဒေါ်လာသန်း ၄၂၀ နီးပါး လျော့ကျ
Published 28 January 2018

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အတွင်းရှိ ပဲတီစိမ်းစိုက်ခင်းများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

ပြည်ပသို့ အဓိကတင်ပို့နေသည့် ပဲအမျိုးအစားများ ဈေးနှုန်းကျဆင်းခဲ့သောကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် တစ်သောင်းခွဲ ပိုမိုတင်ပို့ထားသော်လည်း ဝင်ငွေ ဒေါ်လာ သန်း ၄၂၀ နီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် တန်ချိန် ၁၅၀၀၀ လောက် ပိုပြီးပို့ထားတယ်။ ဒီနှစ်ရတဲ့ ပဲတန်ဖိုးကတော့ ၇၇၃ ဒသမ ၉၅၁ သန်းပေါ့။ တန်ဖိုးအရဆိုလို့ရှိရင် ၄၁၈ လောက် လျော့တယ်။ အဓိကတော့ ပဲဈေးကျတာပေါ့။ မတ်ပဲတို့ ဘာတို့ဆို သိသိသာသာကြီးကို ကျသွားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၀၉ သန်း တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၇၇၄ သန်းနီးပါးသာ ရရှိခဲ့သည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူတွင်မူ ပြည်ပသို့ ပဲတန်ချိန် ၁ ဒသမ ၀၇ သန်းသာ တင်ပို့ခဲ့သော်လည်း ဝင်ငွေ ဒေါ်လာ သန်း ၁၂၀၀ နီးပါး ရရှိထားသည့်အတွက် လက်ရှိဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၄၁၈ သန်းအထိ လျော့ကျခဲ့ကြောင်း စီးပွား/ ကူးသန်းဝန်ကြီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံဈေးကွက်မှ ပဲတင်ပို့မှု ကန့်သတ်ခံထားရပြီး ဈေးနှုန်းကျဆင်းမှုကြောင့် ယခုဘဏ္ဍာနှစ် လက်ရှိအထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ တန်ချိန်အားဖြင့် လျော့နည်းခြင်းမရှိသော်လည်း တန်ဖိုးလျော့နည်းနေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

၂၀၁၇ နှစ်စတွင် မတ်ပဲတစ်တန် ကျပ် ၁၂ သိန်းဝန်းကျင်၊ ပဲစင်းငုံ အနီတစ်တန် ကျပ် ရှစ်သိန်းခွဲဝန်းကျင်ရှိခဲ့ပြီး တစ်နှစ်အတွင်း ထက်ဝက်ကျော် ဆက်လက်ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်းပဲ ဈေးနှုန်းကျဆင်းမှုမှာ နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့ပြီး မတ်ပဲတစ်တန်လျှင် ကျပ် ၄၇၀၀၀၀ ဝန်းကျင်၊ ပဲစင်းငုံအနီ တစ်တန်လျှင် ကျပ် ၃၃၀၀၀၀ ဝန်းကျင်အထိ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာပထမပတ်မှစ၍ ဈေးပြန်တက်လာခြင်းဖြစ်သည်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်သည့် ဈေးနှုန်းများအရ ဇန်နဝါရီ ၃ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၆၇၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၇၀၀၀၀၀၊ ဇန်နဝါရီ ၂ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၈၂၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၇၂၇၀၀၀ အထိ ဈေးရှိခဲ့ကြောင်း၊ ဇန်နဝါရီလဆန်းပိုင်းအတွင်း မတ်ပဲဈေးအနည်းငယ် အေးနေခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၅၇၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၉၇၀၀၀ ရှိခဲ့ရာမှ ဇန်နဝါရီ ၁၂ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၄၂၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၉၀၀၀၀ အထိ ဈေးကျခဲ့သည်။

ဇန်နဝါရီ ၂၅ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၃၈၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၉၃၀၀၀ ရှိခဲ့ရာမှ ဇန်နဝါရီ ၂၆ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၃၉၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၉၄၀၀၀ အထိ ဆက်တိုက်ဈေးကျဆင်းလျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံမှ မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းက ပဲတင်သွင်းမှု ကန့်သတ်ချက် ထုတ်ပြန်ခဲ့သဖြင့် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲတင်ပို့မှု လျော့ကျခဲ့သည်။

Most Read

Most Recent