<

ပြည်တွင်းထုတ် ငရုတ်သီးမှုန့်လုပ်ငန်းများအတွက် FDA ၏ ထောက်ခံချက်ပေးခြင်း ပြောင်းလဲထားပြီး ထုတ်လုပ်မှုပမာဏအပေါ်မူတည်၍ ထောက်ခံချက်ပေးနေ

ပြည်တွင်းထုတ် ငရုတ်သီးမှုန့် ထုတ်လုပ်သည့်လုပ်ငန်းများအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်ပေးခြင်းကို ပြောင်းလဲထားပြီး ထုတ်လုပ်မှုအပေါ် မူတည်၍ ထောက်ခံချက်ပေးနေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါက်တာမင်းဝံက ပြောကြားခဲ့သည်။

“ပြည်တွင်းထုတ်ငရုတ်သီးမှုန့် အချို့မှာ ခုချိန်အထိ Aflatoxin တွေ တွေ့နေတုန်းပဲ။ စနစ်တကျ ထုတ်လုပ်ပေမယ့်လည်း ဒီမှိုမပေါက်အောင်ထိန်းဖို့ ခက်နေတုန်းပဲ။ မုန့်ဖတ်လို ဖော်မလင်ကို တမင်ထည့်ရတာမျိုးလည်း မဟုတ်ဘူး။ နည်းစနစ်တစ်ခုမှာ တစ်နေရာရာမှာ ချွတ်ယွင်းနေသေးလို့ ပါနေသေးတာပါ။ ကျွန်တော်တို့ဌာနအနေနဲ့ ကျန်တဲ့စားသောက်ကုန်တွေဆို တစ်နှစ်စာ၊ နှစ်နှစ်စာ ထောက်ခံချက်ပေးတယ်။ အခုငရုတ်သီးမှုန့် ထုတ်လုပ်တဲ့လုပ်ငန်းတွေကို ထောက်ခံချက်ပေးတဲ့ပုံစံ နည်းနည်းပြောင်းထားတယ်။ လုပ်ငန်းက ထုတ်လုပ်ထားတဲ့ပမာဏ ဥပမာ-တစ်လစာပဲ ထုတ်ထားတဲ့ပစ္စည်းဆို တစ်လစာ ထောက်ခံချက်ပဲစစ်ပြီးပေးတယ်။ လုပ်ငန်းက ထုတ်လုပ်တဲ့အပေါ် မူတည်ပြီးပဲ ထောက်ခံချက်ပေးတော့တယ်။ ကုန်ပစ္စည်းဈေးကွက်မှာ ရောင်းကုန်လို့ နောက်တစ်ကြိမ် ထုတ်တာဆို ထောက်ခံချက်အတွက် နောက်တစ်ကြိမ် ထပ်တင်ရတယ်။ လုပ်ငန်းရှင်တွေကိုလည်း ကျွန်တော်တို့ အကြံပေးပါတယ်။ ရောင်းနိုင်သလောက်ကုန်နိုင်မယ့် ပမာဏကိုပဲထုတ်ပါ။ အများကြီးထုတ်ထားရင် မှိုတွေပေါက်တဲ့အတွက် မကောင်းပါဘူး။ ထုတ်လုပ်တဲ့သူက သူ့ကုန်ပစ္စည်းရောင်းအား ဘယ်လောက်ရှိလဲဆိုတာသိတဲ့အတွက် ရောင်းကုန်သလောက်ပဲ ထုတ်ခိုင်းတာပါ။ ပြည်ပကို တင်ပို့တဲ့ ထောက်ခံချက်တွေကိုလည်း ဒီအတိုင်းပဲပေးပါတယ်” ဟု ဒေါက်တာမင်းဝံက ဆိုသည်။

ဈေးကွက်ထောက်လှမ်း စစ်ဆေးမှုအရ လက်ရှိအချိန်အထိ ငရုတ်သီးမှုန့်တံဆိပ်အချို့တွင် Aflatoxin မှိုအဆိပ်များ တွေ့ရှိနေဆဲဖြစ်ပြီး ပစ္စည်းသိမ်း၊ ဖျက်ဆီးအရေးယူမှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက ဈေးကွက်အတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်များ၏ ရာခိုင်နှုန်း ၆၀ (ထက်ဝက်ကျော်) ၌ အသည်းကင်ဆာဖြစ်စေသော Aflatoxin မှိုအဆိပ်များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားသည့်အတွက် ယင်းကုန်ပစ္စည်းများအား တစ်ပတ်အတွင်း ပြန်လည်သိမ်းဆည်းရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားခဲ့သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက ပြည်တွင်းဈေးကွက်၌ ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များတွင် ခွင့်မပြုဆိုးဆေးများ၊ Aflatoxin များ ပါဝင်နေခြင်း ရှိ မရှိ စစ်ဆေးခဲ့ကြောင်းနှင့် စစ်ဆေးမှုတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခု၊ နေပြည်တော်နယ်မြေအတွင်းရှိ ဈေးများမှ ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များကို ဈေးကွက်နမူနာ ကောက်ယူ၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ဓာတ်ခွဲခန်းများ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စစ်ဆေးရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဈေးကွက်နမူနာ ကောက်ယူခဲ့သော ငရုတ်သီးမှုန့်စုစုပေါင်း ၆၅၁ မျိုးရှိရာ ယင်းတို့အနက် Aflatoxin B1 ပါဝင်မှု ၃၈၇ မျိုး၊ ခွင့်မပြုဆိုးဆေး Rhodamine B ပါဝင်မှု နှစ်မျိုးစစ်ဆေးတွေ့ရှိထားပြီး ကျန်နမူနာများမှာ Aflatoxin B1 ပါဝင်မှု မရှိကြောင်းနှင့် ဈေးကွက်နမူနာ ကောက်ယူခဲ့သော ငရုတ်သီးမှုန့် ၆၀၀ ကျော်အနက် အမှတ်တံဆိပ်ပါ ထောက်ခံချက်ရပြီးသော ငရုတ်သီးမှုန့်နမူနာ ၁၄၃ မျိုး၊ အမှတ်တံဆိပ်ပါ ထောက်ခံချက်လျှောက်ထားခြင်းမရှိသော ငရုတ်သီးမှုန့်နမူနာ ၁၄၀၊ အမှတ်တံဆိပ်မပါသော ငရုတ်သီးမှုန့် နမူနာ ၃၆၈ မျိုး ပါဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

January 28, 2018














Copy Protected by Chetan's WP-Copyprotect.