ဆေးဝါးစက်ရုံ (အင်းစိန်) မှ ဆေးဝါးအသစ်ရှစ်မျိုး ထပ်မံထုတ်လုပ်ရန်ရှိပြီး ဆေးဝါးထုတ်လုပ်မည့်လုပ်ငန်းများ ဧပြီတွင် စတင်မည်

ဆေးဝါးစက်ရုံ (အင်းစိန်) မှ ဆေးဝါးအသစ်ရှစ်မျိုး ထပ်မံထုတ်လုပ်ရန်ရှိပြီး ဆေးဝါးထုတ်လုပ်မည့်လုပ်ငန်းများ ဧပြီတွင် စတင်မည်
Published 28 January 2018

ဆေးဝါးစက်ရုံ (အင်းစိန်) မှ ထုတ်လုပ်ထားသော ဆေးဝါးများကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

လာမည့်ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)မှ ဆေးဝါးအသစ် ရှစ်မျိုး ထပ်မံထုတ်လုပ်ရန်ရှိပြီး ဆေးဝါးထုတ်လုပ်မည့် လုပ်ငန်းများကို ဧပြီတွင် စတင်မည်ဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

လာမည့်ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ်များကို ထပ်မံတိုးချဲ့ထုတ်လုပ်မည်ဖြစ်ပြီး ကျပ် ဘီလျံ ၅၀ တန်ဖိုးရှိ ဆေးဝါးများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဆေးပြား၊ ဆေးတောင့် အမျိုးမျိုး၊ ဆေးဆီ၊ ဆေးရည်အမျိုးမျိုး၊ ထိုးဆေးနှင့် သွေးကြောသွင်း ဆေးရည် အမျိုးမျိုးအပြင် မြွေဆိပ်ဖြေဆေး စသည့် ဆေးဝါးထုတ်ကုန် အမျိုးပေါင်း ၁၉၇ မျိုး ထုတ်လုပ်နေကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက ဆေးဝါးစက်ရုံ (အင်းစိန်) မှ ထုတ်လုပ်သော ဆေးဝါးအမည်များကို ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် စာချုပ်အမှတ်များဖြင့် တစ်ဦးတည်းမူပိုင်အဖြစ် သုံးစွဲရန် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်ထားပြီး ဆေးဝါး ၃၅ မျိုးကိုလည်း နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့်ကြေညာထားပြီးဖြစ်ကြောင်း၊ ဆေးဝါး ၃၅ မျိုး၏အမည်များကို စက်ရုံမှတစ်ပါး အခြားမည်သူတစ်ဦးတစ်ယောက်မှ ဖြစ်စေ၊ အများမှဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ၊ အလုံးစုံတုပ၍ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပုံတူပုံမှား၊ ထင်ယောင်ထင်မှား၊ ဆင်တူယိုးမှားဖြစ်စေ မှီငြမ်းတုပသုံးစွဲခြင်း၊ ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လုံးဝမပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် တရားမကြောင်း ပြစ်မှုကြောင်းတို့အရ ထိရောက်စွာ တရားဥပဒေအရ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) မှထုတ်လုပ်သော မူးယစ်အနွယ်ဝင်ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမှာစာကိုသာ အဓိကထားထုတ်လုပ်ပြီး လက်ရှိတွင် အိပ်ချ်အိုင်ဗွီနှင့် အသည်းရောင်အသားဝါ ဘီပိုးကုသဆေးဝါးများနှင့်လူနာများအတွက် နာကျင်မှုသက်သာစေသည့် ဆေးဝါးအမည်သစ်များ စတင် ထုတ်လုပ်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရသည်။

ထုတ်လုပ်ဖြန့်ချိနေသည့် ဆေးအမည်သစ်များမှာ Drugs အုပ်စုဝင် အကိုက်အခဲပျောက်ဆေး Mefenamic Acid Caplet 500 mg၊ အိပ်ချ်အိုင်ဗွီနှင့် အသည်းရောင်အသားဝါဘီပိုး ကုသဆေး Tenofovir Caplet 300 mg နှင့် ကင်ဆာရောဂါဝေဒနာရှင်များအတွက် နာကျင်မှု သက်သာစေသောဆေး Tramadol Capsule 50 mg Opioid Analgesic (မူးယစ်အနွယ်ဝင် အကိုက်အခဲပျောက်ဆေး) များကို ထုတ်လုပ်လျက်ရှိကြောင်းနှင့် မူးယစ်အနွယ်ဝင်ဆေးများ ထုတ်လုပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမှာစာကိုသာ အဓိကထား ထုတ်လုပ်လျက်ရှိပြီး ပိုလျှံပါက ပြင်ပသို့ရောင်းချရာတွင် အထူးထိန်းချုပ်ဆေးဝါးလိုင်စင်ရှိသော ပုဂ္ဂလိကဆေးရုံကြီးများ၏ လိုင်စင်ကို စိစစ်ပြီးမှသာ ရောင်းချလျက်ရှိကြောင်း သိရသည်။

Tenofovir Tablet ဆေးမှာ ဗိုင်းရပ်စ်သတ်ဆေးဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်ပိုးကောင်ရေများကို ကျဆင်းစေနိုင်ကြောင်း၊ စမ်းသပ်ထုတ်လုပ်မှုကြာချိန် သုံးလမှ ခြောက်လအတွင်း ကြာမြင့်ခဲ့ပြီး ဆေးဝါးမှတ်ပုံတင်လိုင်စင်ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှပေးပြီးဖြစ်ကြောင်းနှင့် ယင်းဆေးထုတ်လုပ်နိုင်ရန် အိန္ဒိယနိုင်ငံမှ ဖော်မြူလာကို ဝယ်ယူခဲ့ပြီး အိန္ဒိယပညာရှင်များဖြင့် ပူးပေါင်း ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent