ကျောက်တံတားရဲတပ်ဖွဲ့ဝင်အချို့၏ မသင်္ကာဟုဆိုကာ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ဒဏ်ရာများရရှိသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ စုံခုံဖွဲ့စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

ကျောက်တံတားရဲတပ်ဖွဲ့ဝင်အချို့၏ မသင်္ကာဟုဆိုကာ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ဒဏ်ရာများရရှိသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ စုံခုံဖွဲ့စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်
Published 28 January 2018

ကျောက်တံတားရဲတပ်ဖွဲ့ဝင်အချို့၏ မသင်္ကာဟုဆိုကာ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ဒဏ်ရာများရရှိသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စုံခုံဖွဲ့စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် အဆို ပါဖြစ်စဉ်အား ရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးဆောင်ရွက်နေကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်သည်ဟု ပေါ်ပေါက်ပါက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စုံခုံဖွဲ့စစ်ဆေးခြင်းပတ်သတ်၍ မောင်ဆောင်းခက “အခု ကျောက်တံတားရဲစခန်းကို ရောက်နေပါတယ်။ စုံခုံဖွဲ့စစ်တာကို ရောက်နေတာပါ။ ကိုသန်းတိုးအောင်ရဲ့ အဖေနဲ့ အမေကို စစ်နေပါတယ်။ ကျွန်တော်လည်း စခန်းထဲမှာပဲရှိပါသေးတယ်”ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်မှာ ဇန်နဝါရီ ၁၈ ရက် ည ၁၁ နာရီခွဲကျော်ခန့်တွင် ကျောက်တံတားမြို့မှ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယူနီဖောင်းများ ဝတ်ဆင်ပြီး သက်သေနှစ်ဦးနှင့်အတူ ယင်းမြို့နယ်အတွင်း လင်းယုန်စီမံချက်ဖြင့် ခိုးဆိုးလုနှိုက်များအား ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် ဗိုလ်ချုပ်လမ်းနှင့် လမ်း ၄၀ ထိပ်အရောက် မှောင်ရိပ်တွင် အိတ်တစ်လုံးနှင့် လူငယ်တစ်ဦးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် အဆိုပါလူငယ်အား မေးမြန်းခဲ့ကြောင်း၊ ထိုသို့ မေးမြန်းစဉ် လူငယ်မှာ စစ်ဆေးမေးမြန်းခြင်းမခံဘဲ ရဲတပ်ဖွဲ့ဝင်များအား ဆဲဆိုကာ ဗိုလ်ချုပ်လမ်းဘေး ပလက်ဖောင်းအတိုင်း ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေတို့က လိုက်လံဖမ်းဆီးရာ အေးရှား ပလာဇာ ဟိုတယ်တွင်းသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ဟိုတယ်လုံခြုံရေးဝန်ထမ်းများ နှင့် ဟိုတယ်မန်နေဂျာတို့က အဆိုပါလူငယ်အား ချုပ်ကိုင်ဖမ်းဆီးကာ လှည့်ကင်းအဖွဲ့ထံ အပ်နှံပေးသဖြင့် ရဲစခန်းသို့ ခေါ်ဆောင်လာပြီး စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ခြင်း မရှိသည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ယူနီဖောင်းမဝတ်ထားသည့် ကျောက်တံတား ရဲတပ်ဖွဲ့ဝင်အချို့၏ မသင်္ကာဟုဆိုကာ ရိုက်နှက် ဖမ်းဆီးခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားမျှတမှုရရှိအောင် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကာယကံရှင်ကိုသန်းတိုးအောင်က ဇန်နဝါရီ ၂၇ ရက်က ပြောကြားသည်။

“၁၈ ရက်နေ့ ည ၁၁ နာရီခန့်မှာ ကျွန်တော်က ဆူးလေဘက်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း အိမ်ကိုလမ်းလျှောက်ပြန်လာပါတယ်။ လမ်းလျှောက်နေရင်း ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းမက်ဆေ့ပို့ပြီး စကားပြောခဲ့ပါတယ်။ လမ်း (၄၀) ထိပ်နား ရောက်တော့ ခဏထိုင်ရင်း စာဆက်ရိုက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့် မလှမ်းမကမ်းနားကို ကားတစ်စီးလာရပ်ပြီး ကားတံခါးဖွင့် ပြီး လူခြောက်ယောက်လောက် ဆင်းလာတယ်။ ကားကလည်း ရဲကား မဟုတ်ဘူး။ လူ တွေကလည်း ယူနီဖောင်းနဲ့ မဟုတ်ဘူး။ သူတို့ ဆင်းလာပြီးတော့ ကျွန်တော့်ကို ဟေ့ကောင် မင်းအဲ့မှာ နေစမ်းဆိုပြီး ပြေးလာတယ်။ကျွန်တော်ကလည်း ဘယ်သူ ဘယ်ဝါတွေမှန်း မသိတော့ တစ်ခုခုလုပ်တော့မယ်ထင်ပြီး ထွက်ပြေးပါတယ်။သူတို့ကိုယ်သူတို့ ရဲဆိုပြီး ဖော်ပြနိုင်တဲ့ အပြုအမူတစ်ခုမှ မပြောခဲ့ပါဘူး။ ယူနီဖောင်းပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ ရဲတွေ ပါ မသင်္ကာလို့စစ်ဆေးချင်ပါတယ်လို့ ကျွန် တော့်ကိုပြောရင်မဟုတ်တာ မလုပ်ထားတဲ့အတွက် ရဲကိုကြောက်စရာမလိုဘူး။ ထွက်ပြေးစရာလည်း မလိုဘူး။ အဲ့လိုလူမိုက်ဆန်ဆန် ဝိုင်းလိုက်တော့ ကျွန်တော်လည်း ထွက်ပြေးတာပေါ့” ဟု ပြောကြားသည်။

ယင်းသို့ထွက်ပြေးခဲ့ပြီး အဆိုပါလူများမှာလည်း ၎င်းနောက်သို့ ပြေးလိုက်နေရာ နောက်ဆုံးတွင် ဟိုတယ်တစ်ခုအတွင်းသို့ ဝင်ပြေးခဲ့ရာ အဆိုပါလူများမှာ ရဲဖြစ်သည်ဟု ပြောပြီး ၎င်းကို ရိုက်နှက်ဆဲဆိုပြီး ကားဖြင့် ကျောက်တံတားရဲစခန်းသို့ ခေါ်သွားခဲ့ ကြောင်း၊ စခန်းသို့သွားရာ လမ်းတစ်လျှောက် ကားပေါ်တွင်လည်း ဆဲဆိုရိုက်နှက်ပြီး စခန်းသို့ရောက်သောအခါ တစ်ကိုယ်လုံးအား စစ်ဆေးခဲ့ပြီးနောက် မသင်္ကာစရာတစ်ခုမှ မတွေ့ ခဲ့သော်လည်း ခြိမ်းခြောက်ပြောဆိုပြီး အချုပ် ထဲသို့ထည့်ခဲ့ကြောင်း ကိုသန်းတိုးအောင်က ပြောကြားသည်။

“ကျွန်တော့်ကို ရိုက်နှက်ဖမ်းဆီးလာတဲ့ထဲက နယ်ထိန်းဦးအောင်ဇော်ဝင်းဆိုတဲ့ ပုဂ္ဂိုလ်က “မြန်မာနိုင်ငံရဲ့ ဥပဒေထဲမှာ ရဲဆိုရင် ရဲယူနီဖောင်းဝတ်ထားရမယ်လို့ ဘယ်ဥပဒေကပြောလဲ ငါ့ကိုရှင်းပြစမ်းပါ”လို့ အော် ငေါက်ပါတယ်။ ကျွန်တော်က ဥပဒေအရ ပြည်သူတစ်ယောက်ကို ဒီလိုလုပ်ပိုင်ခွင့်မရှိဘူးလို့ပြောတော့ “ဟေ့ကောင် ဘာပြည်သူလဲ -ီးပြည်သူပါလား၊ ဘာမှေ-ာက်ပိုတွေပြောမနေနဲ့” ဆိုပြီး အရပ်ဝတ်နဲ့ ကျွန်တော့်ကိုရိုက်တဲ့ ခြောက်ယောက်ထဲက တစ်ယောက်က ဆဲဆို ကြိမ်းမောင်းပါတယ်။ ပြီးတော့ ကြာတယ်။ ဒီကောင့်ကို အချုပ်ထဲထည့်ကွာ။ ငါ ပုဒ်မတပ်ပြီး တရားစွဲမယ်ဆိုပြီး နယ်ထိန်းဆိုတဲ့ ပုဂ္ဂိုလ်က ကျွန်တော့်ကို သူ့ရုံးခန်းထဲကနေ ဆွဲထုတ်ခိုင်းပါတယ်။ အချုပ်ထဲမထည့်ခင် တာဝန်မှူး ဦးမျိုးသန့်ဆိုတဲ့ ပုဂ္ဂိုလ်နဲ့တွေ့တော့ဖြစ်ကြောင်း ကုန်စင် ကျွန်တော်ထပ်ရှင်းပြပါတယ်။ လက်မခံဘဲ ကျွန်တော့်ကို အချုပ်ထဲထည့်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို တခြားမဆိုင်တဲ့ပုဒ်မတွေတပ်ပြီး တရားစွဲမယ်ဆိုပြီးလည်း ခြိမ်း ခြောက်ပါတယ်။ ဒီလိုမျိုး ပြည်သူတစ်ယောက်ကို အနိုင်ထက်ကျင့်ပြုလုပ်တာကို လုံးဝလက်သင့် မခံနိုင်ပါဘူး” ဟု  ပြောကြားသည်။

ထိုသို့ ရိုက်နှက်ကန်ကျောက် ဖမ်းဆီးခဲ့ သည့်အတွက် ၎င်းတွင် ဒဏ်ရာများရရှိခဲ့ပြီး ညာဘက်နံရိုးမှာ အသက်ပြင်းပြင်းရှုတိုင်း အောင့်နေကြောင်း ကိုသန်းတိုးအောင်က ပြောကြားသည်။

ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့လူမှု ကွန်ရက်စာမျက်နှာတွင်မူ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းထားရာတွင် “ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မသင်္ကာစစ်ဆေးခြင်းကို ကျင့်ထုံးပုဒ်မ ၅၄ အရလည်းကောင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းကို ကျင့်ထုံးပုဒ်မ ၄၆ အရ လည်းကောင်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သန်းတိုးအောင်အား အေးရှားပလာဇာ ဟိုတယ်အတွင်းမှ လုံခြုံရေးဝန်ထမ်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လုံခြုံရေး ဝန်ထမ်းများက ဟိုတယ်ပြင်ပသို့ ဆွဲထုတ်ခဲ့ရသည့် CCTV ဗီဒီယိုမှတ်တမ်းဖိုင်နှင့်အတူ ရဲတပ်ဖွဲ့အပေါ် အထင်အမြင်လွဲမှားမှု မဖြစ်စေရေးနှင့် ၎င်း ရရှိခဲ့သည့်ဒဏ်ရာများသည် ဟိုတယ်ဝန်ထမ်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း ရရှိခဲ့သည့် ဒဏ်ရာများ သာဖြစ်ကြောင်း ရေးသားဖော်ပြထားပြီး စီစီတီဗွီ ဗီဒီယိုဖိုင်တစ်ခုအား ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဥပဒေအရ တရားမျှတမှုရရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဖြစ်စဉ် နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း ကဗျာဆရာ မောင်ဆောင်းခက ပြောကြားသည်။

Most Read

Most Recent